အိမ်မှာလျှပ်စစ်မီးမရှိတာကြောင့် ဘူတာရုံညတိုင်းသွားပြီး စာဖတ်ခဲ့တဲ့မိန်းကလေး

ပညာရွှေအိုးလူမခိုးလို့ဆိုကြပေမယ့် ဘယ်သူမဆို ပညာကို လွယ်လွယ်ကူကူ သင်ယူခွင့်ရကြတာမျိုးတော့မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအတော်များများမှာ ဆင်းရဲမွဲတေမှုက ကလေးပေါင်းမြောက်မြားစွာရဲ့ပညာသင်ယူမှုမှာ အနှောင့်အယှက်အတားအဆီးဖြစ်နေပါတယ်။

အခမဲ့ပညာရေးပေးတဲ့ကျောင်းတွေရှိပေမယ့်လည်း အချို့မိဘတွေကိုယ်တိုင် သားသမီးပညာရေးကို လုံးလုံးမထောက်ပံ့ပေးတဲ့သူတွေလည်း ရှိပါတယ်။ အထူးသဖြင့် မြို့ပြနဲ့အလှမ်းဝေးတဲ့ နေရာဒေသမှာနေထိုင်ပြီး ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေဆိုရင် စာသင်နိုင်ဖို့ကပိုလို့တောင်ခက်ခဲပါသေးတယ်။

ဒါပေမယ့် အိန္ဒိယပြည်က Divya အမည်ရှိမိန်းကလေးတစ်ယောက်ကတော့ သူမ ပညာတတ်မြောက်ဖို့လက်မလျော့ခဲ့ပါဘူး။ Divya ဟာ ညတိုင်း ဘူတာရုံကိုသွားပြီး ကျောင်းစာတွေလုပ်လေ့ရှိပါတယ်။ သူမရဲ့ဖတ်စာအုပ်တွေ၊ မှတ်စုစာအုပ်တွေသယ်ပြီး ခြေဗလာနဲ့ Uttar Pradesh မှာရှိတဲ့ ဘူတာရုံကိုလမ်းလျှောက်သွားပါတယ်။ ဘူတာရုံရောက်တဲ့အခါမှာ လူတွေကြည့်မှာဂရုမစိုက်ဘဲထိုင်ချပြီး စာလုပ်လေ့ရှိပါတယ်။

Rajesh Kumar Singh အမည်ရှိတဲ့ အမျိုးသားတစ်ယောက်က သတိထားမိပြီး သူမစာလုပ်နေတဲ့ပုံကိုဓာတ်ပုံရိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တကယ်တော့ Divya နေထိုင်ရာပတ်ဝန်းကျင်ဟာ ဆင်းရဲသားရပ်ကွက်ဖြစ်တာကြောင့် အိမ်မှာလျှပ်စစ်မီးမရရှိပါဘူး။ ဒါကြောင့် သူမက လျှပ်စစ်မီးရနိုင်ပြီး အလင်းရောင်ရှိတဲ့ဘူတာရုံမှာ စာလာဖတ်တာဖြစ်ကြောင်း Rajesh အမေးကို Divya ကပြန်လည်ဖြေဆိုခဲ့ပါတယ်။

READ
တောင်ပေါ်ရွာလေးရေရဖို့အတွက်36နှစ်လုံးလုံး ရေမြောင်းဖောက်ခဲ့သည့် အဖိုးအို

သူမ ညတိုင်းလာတဲ့ ဘူတာရုံဟာ လူထူထပ်တဲ့ဘူတာရုံတစ်ခုဖြစ်ပြီး အိန္ဒိယရဲ့အဆင်းရဲဆုံးနေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ နေထိုင်သူလူဦးရေ ငါးပုံတစ်ပုံဟာ ထိကိုင်လို့မရသူများလို့သတ်မှတ်ထားတဲ့ အိန္ဒိယရဲ့ဇာတ်အနိမ့်ဆုံးအလွှာက လူတွေဖြစ်ပါတယ်။ Rajesh က သူမအကြောင်းနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာတင်ခဲ့တဲ့အခါ အင်တာနက်အသုံးပြုတွေက Divya ကိုချီးမွမ်းခဲ့ကြပြီး အကူအညီပေးနိုင်မယ့်သူပေါ်ဖို့မျှော်လင့်နေကြောင်းသိရပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE