ယာဉ်ကြောကြပ်တဲ့ဒဏ်ကို မခံစားနိုင်လို့ နေ့တိုင်း မြစ်ကိုဖြတ်သန်းသွားနေတဲ့ အမျိုးသား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ နေထိုင်သူ အမျိုးသားတစ်ဦးဟာ နေ့တိုင်း အိမ်ကနေ ရုံး အသွားအပြန်မှာ သွားလာရေးကြပ်တည်းလွန်းတဲ့ ဒဏ်ကို မခံစားနိုင်လို့ နည်းလမ်းတစ်ခုရှာကြံခဲ့ပါတယ်။ သူရှာတွေ့တဲ့ နည်းလမ်းကတော့ ရုံးကို သက်သက်သာသာနဲ့ ရောက်ဖို့အတွက် မြစ်ကို လှေလှော်ပြီး ဖြတ်ကူးဖို့ ဖြစ်ပါတယ်။ သူ့အသက်ကတော့ (၂၉) နှစ်ရှိပါပြီ။ နာမည်က လျူဖူကောင်းဖြစ်ပြီး ၀မ်ကျိုးခရိုင်က အာမခံကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပါတယ်။

pearvideo

လျူဖူကောင်းဟာ အချိန်ကုန်သက်သာစေဖို့အတွက် နေ့တိုင်း ယန်ဇီမြစ်ကို လှေလှော်ပြီး ဖြတ်ကူးပါတယ်။ သာမန်အတိုင်း ကုန်းလမ်းခရီးကနေ သွားရင် တစ်နာရီကျော်ကြာတဲ့ ရုံးအသွားအပြန်ခရီးစဉ်ဟာ လှေလှော်ပြီးသွားရင် (၆) မိနစ်ပဲ ကြာကြောင်း လျူက ပြောပြပါတယ်။ ဗီဒီယိုထဲမှာတော့ ရှပ်အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီရှည်ဝတ်ထားတဲ့ အမျိုးသားဟာ လက်ပ်တော့ပ်အပါအ၀င် ကုတ်အင်္ကျီနဲ့ သူပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ခြောက်သွေ့တဲ့ အိတ်တစ်လုံးထဲ ထည့်နေတာကို တွေ့ရပါတယ်။

pearvideo
pearvideo

ထို့နောက်မှာတော့ လျူဟာ (၀.၆၂) မိုင်ဝေးတဲ့ မြစ်ကို ကျော်ဖြတ်ဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။ လျူဟာ ခြေအိတ်တွေနဲ့ ဖိနပ်တွေကို ချွတ်ပါတယ်။ လှေပေါ်က ပြုတ်မကျအောင် ထိန်းပေးတဲ့ အထိန်းကွင်းတစ်ခုကိုလည်း ခြေထောက်မှာ ပတ်လိုက်ပြီး ရေမနစ်ရလေအောင် အသက်ကယ်အင်္ကျီကိုပါ ၀တ်ဆင်လိုက်ပါတယ်။ ဒီလိုနဲ့ လှော်ခတ်လာရင်းက (၆) မိနစ်အကြာမှာတော့ မြစ်ရဲ့ မြောက်ဘက်ပိုင်း တစ်ဖက်ကမ်းခြေကို ရောက်လာခဲ့ပါတယ်။ လျူကို မြင်ရတာ ခြောက်ခြောက်သွေ့သွေ့ပါပဲ။

READ
တံတားကျိုးပေါ်ကနေ ပြုတ်ကျတော့မယ်ဆဲဆဲ ထရပ်ကားတစ်စီးရဲ့ အသဲထိတ်ဖွယ်ဖြစ်ရပ်
pearvideo

လျူဟာ မတ်တပ်ရပ်ပြီး တစ်ကိုယ်တည်း လှော်ခတ်မောင်းနှင်ရတဲ့ လှေလှော်ကျွမ်းကျင်တစ်ယောက်ဖြစ်ဖို့ လွန်ခဲ့တဲ့ (၂) နှစ်ကတည်းက ကြိုးစားလာခဲ့ပါတယ်။ သူဟာ လှေလှော်ပြိုင်ပွဲတွေမှာလည်း ဆုရဖူးပါတယ်။ လျူက အရင်တုန်းကတော့ သူ့အလုပ်ကို ကားမောင်းသွားရင်သွား၊ မသွားရင် ဘတ်စ်ကားနဲ့ သွားလေ့ရှိခဲ့ပါတယ်။ “ကျွန်တော့်ကားနဲ့ သွားတဲ့အခါ အလုပ်ရောက်ဖို့ နာရီဝက်ကြာတယ်။ ဘတ်စ်ကားကတော့ တစ်နာရီကျော်လောက်ကြာတယ်။ အချိန်လည်း အတိအကျပြောလို့မရပါဘူး…” လို့ လျူက ငြီးတွားပါတယ်။

pearvideo
pearvideo

လျူက သူ့အနေနဲ့ အချိန်ကုန်သက်သာအောင် မြစ်ကို လှေလှော်ပြီး သွားရပေမယ့် အခြားသူတွေကိုတော့ လုံလောက်တဲ့ ကိရိယာပစ္စည်းနဲ့ လှေလှော်ကျွမ်းကျင်မှုမရှိဘဲ မြစ်ကို ဖြတ်ကူးတာမျိုး မလုပ်ကြဖို့ သတိပေးထားပါသေးတယ်။ အွန်လိုင်းပေါ်က လူတွေကတော့ လျူရဲ့ သာမန်ရိုးကျမဟုတ်တဲ့ သွားလာရေးစနစ်နဲ့ ပတ်သက်လို့ လျူကို အထင်ကြီးလေးစားနေကြကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE