ကလေးနာမည်ပေးတဲ့အလုပ်နဲ့ ဒေါ်လာသန်းချီတန်ကုမ္ပဏီပိုင်ရှင်ဖြစ်လာခဲ့သူ ဆယ်ကျော်သက်လေး

Beau Jessup ဆိုတဲ့ ချာတိတ်မလေးတစ်ယောက် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ စတင်တွေးမိစဉ်တုန်းက သူမ ၁၆ နှစ်လောက်သာရှိဦးမှာပါ။ တရုတ်ကို မိသားစုနဲ့အတူတူ ခရီးထွက်ရင်း ရုတ်တရက်ပေါ်လာတဲ့ စိတ်ကူးလေးတစ်ခုကို မရရအောင် အကောင်အထည်ဖော်ခဲ့တာပါ။

အာရှနိုင်ငံတော်တော်များများဖြစ်တဲ့ မြန်မာအပါအဝင် တရုတ်၊ ယိုးဒယား အစရှိတဲ့ နိုင်ငံတွေဟာ ကလေးတစ်ယောက်မွေးလာပြီဆိုတာနဲ့ ဘယ်လိုနာမည်မှည့်ရမလဲဆိုတာ အရင်ဆုံးစဉ်းစားတတ်ကြပါတယ်။ နာမည်ဆိုတာ ဘဝတစ်လျှောက်လုံး အတည်အတန့်ဖြစ်စေမှာဖြစ်ပြီး ဂုဏ်သတင်းကြောင့်လည်း လူသေသွားပေမယ့် နာမည်မသေသေးတဲ့လူတွေ အများကြီးရှိလို့နေပါတယ်။

ရိုးရာဓလေ့နဲ့ ဘာသာရေးတွေကြောင့် နာမည်ဟာ ဘဝရဲ့အောင်မြင်မှု၊ စီးပွားရေး၊ ပညာရေးစတဲ့ အတက်အကျပေါင်းများစွာနဲ့သက်ဆိုင်တယ်ဆိုတဲ့ အယူအဆတွေ ရှိတတ်တဲ့အတွက် ဒီလိုနိုင်ငံတော်တော်များများဟာ ကင်ပွန်းတပ်တဲ့ ဝန်ဆောင်မှုတွေကို အလုပ်အပ်လေ့ရှိပါတယ်။ တရုတ်မှာ အရင်ကတည်းက ဒီလိုအမည်ပေးကင်ပွန်းတပ်ဝန်ဆောင်မှုလုပ်ငန်းတွေ ရှိနေခဲ့တာပါ။

Twitter

ဒီအကြောင်းကို ဆယ်ကျော်သက်သာသာပဲ ရှိသေးတဲ့ Beau Jessup တစ်ယောက် လုံးဝမသိသေးပါဘူး။ ဖြစ်ချင်တော့ အဖေဖြစ်သူနဲ့ အလုပ်အတူတူတွဲလုပ်နေတဲ့ တရုတ်လုပ်ငန်းရှင်တစ်ယောက်က သူ့ကလေးလေးကို အင်္ဂလိပ်နာမည်ပေးဖို့အတွက် Beau Jessup ကို စဉ်းစားပေးပါလားဆိုပြီး ရုတ်တရက်ပြောခဲ့ပါတယ်။ ကလေးရဲ့ပုံစံနဲ့ ရုပ်လေးကို သေချာစဉ်းစားရင်း နာမည်တစ်ခုပြောလိုက်ရာ မိဘတွေက သိပ်သဘောကျသွားတဲ့အတွက် Beau Jessup ပေးတဲ့ အင်္ဂလိပ်နာမည်ဟာ အတည်ဖြစ်သွားခဲ့ပါတယ်။

ဒါကြောင့် စိတ်ကူးရသွားခဲ့ပြီး တရုတ်နိုင်ငံက နေရပ်ကိုပြန်ရောက်ရောက်ချင်း နာမည်ပေးဝန်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်အကြောင်းတွေကို စတင်လေ့လာကာ နာမည်အဆန်းတွေ အထင်ကရရှိခဲ့သူတွေရဲ့ နာမည်တွေကို အပြင်းအထန် ရှာဖွေခဲ့ပါတယ်။ Beau Jessup ရဲ့ ဖခင် Paul ဟာလည်း Teddy Bear Boutique ဆိုတဲ့ online စီးပွားရေးတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့ တက်သစ်စလုပ်ငန်းရှင်တစ်ဦးပါ။ စိတ်ကူးပြီး ထလုပ်ရုံနဲ့မပြီးတဲ့ Beau Jessup ရဲ့ နာမည်ပေးကင်ပွန်းတပ်လုပ်ငန်းအတွက် လိုအပ်မယ့် ငွေကြေးအကူအညီကို ဖခင်ဆီကနေ တောင်းခဲ့ပါတယ်။ Paul ဟာ အသက် ၁၆ နှစ်သာရှိသေးတဲ့ သမီးလေးက ကောက်ခါငင်ခါနဲ့ လုပ်ငန်းတစ်ခုလုပ်မယ်ပြောတာကို မယုံမကြည်မဖြစ်ခဲ့ဘဲ လုပ်ငန်းသွားမယ့် အစီအစဉ်အကြောင်း မေးမြန်းအကြံပေးကာ သြစတေးလျဒေါ်လာ ၃,၀၀၀ ကို အရင်းလုပ်ဖို့ ထုတ်ချေးခဲ့ပါတယ်။

READ
Fortnite ဂိမ်းကြောင့် နေ့ချင်းညချင်း မီလီလျံနာဖြစ်သွားခဲ့ကြတဲ့ လူငယ်လေး ၈ ယောက်
Twitter

Beau Jessup ဟာ ချေးထားတဲ့ငွေကို သူမ လုပ်ငန်းရဲ့ အဓိကကျတဲ့ website တစ်ခု တည်ထောင်ဖို့အတွက် ပညာရှင်တစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။ အလုပ်အပ်သူတွေနဲ့ ဆက်သွယ်ဖို့က online ကနေပဲ အများဆုံးဆက်သွယ်မှာဖြစ်တဲ့အတွက် အဓိကကျတဲ့ website ကို တည်ထောင်ရာမှာ အရည်အသွေးကောင်းဖို့ကို Beau Jessup က ဦးစားပေးခဲ့တာပါ။

အခုနောက်ပိုင်း စာသင်ကျောင်းတွေမှာပဲဖြစ်ဖြစ်၊ အနုပညာနယ်ပယ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းလုပ်ရာမှာပဲ ဖြစ်ဖြစ် နာမည်အရင်း သိပ်မသုံးကြတော့ဘဲ တခြားနိုင်ငံက စကားလုံးတစ်လုံး၊ နှစ်လုံးတည်းပါတဲ့ nickname လေးတွေကို ထွင်ပြီး အသုံးပြုလာကြပါတယ်။ ဒါကြောင့်လည်း ခေတ်ရေစီးကြောင်းနဲ့လိုက်တဲ့ Beau Jessup ရဲ့ နာမည်ပေးဝန်ဆောင်မှုလုပ်ငန်းလေးဟာ ပထမဆုံးစစလုပ်တဲ့ ၂၀၁၅ ခုနှစ်ရဲ့ ၆ လအတွင်းမှာပဲ နာမည်ပေါင်း ၂ သိန်းကျော်ပေးဖြစ်ကာ သြစတေးလျဒေါ်လာ ၈၄,၀၀၀ လောက် ရရှိခဲ့ပါတယ်။ ဖခင်ဆီက ယူထားတဲ့ အရင်းကိုလည်း ပြန်ဆပ်နိုင်တဲ့အပြင် အမြတ်တောင် ၂ ဆမက ရရှိခဲ့တဲ့အတွက် အရမ်းအောင်မြင်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။

Twitter

Beau Jessup က ငယ်စဉ်ကတည်းက ကျောင်းမှာ တရုတ်ဘာသာစကားကို ၇ နှစ်လောက် သင်ယူခဲ့တဲ့အတွက် တရုတ်စာကို အရေးရော၊ အပြောရောပါ ကျွမ်းကျင်နေသူလေးပါ။ ဒါကြောင့်မို့လည်း သူမလုပ်ငန်းအတွက် target ထားတဲ့ နိုင်ငံဟာ စိတ်ကူးတွေ စတင်ခဲ့တဲ့ တရုတ်နိုင်ငံပဲဖြစ်လာခဲ့ပါတယ်။ Beau Jessup နာမည်ပေးတဲ့ပုံက စိတ်ကူးထဲ ပေါ်သလိုပြီးပြီးရော ပေးလိုက်တာမျိုးမဟုတ်ဘဲ ကလေးတစ်ယောက်အတွက် နာမည်တစ်ခုကို ကလေးရဲ့ စရိုက်၊ ပုံစံ၊ အသွင်အပြင်၊ မိဘတွေဖြစ်စေချင်တဲ့ အလုပ်အကိုင်အပြင် ဘယ်လို အင်္ဂလိပ်စာလုံးတွေ ပါစေချင်သလဲဆိုတာကိုပါ မေးမြန်းပြီး သေချာ ရွေးပေးတာပါ။ ဒီ့အပြင် နာမည်တစ်ခုပေးတိုင်း အဲဒီနာမည်ဟာ ဘယ်လို ပုဂ္ဂိုလ်တွေရဲ့ နာမည်နဲ့ ဆင်တူတယ်၊ ဘယ်လိုအဓိပ္ပာယ်ရတယ်ဆိုတာတွေကိုပါ အကျယ်တဝံ့ ပြောပြပေးပါတယ်။

READ
သမီးလေးကြောင့် ဆေးသမားအဖြစ်ကနေ ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့တဲ့ အမျိုးသမီး

Beau Jessup ရဲ့ “Special Name” ဆိုတဲ့ လုပ်ငန်းအလုပ်လုပ်ပုံကတော့ သူမကိုယ်တိုင် စဉ်းစားတာမျိုးမဟုတ်ဘဲ website စတည်ထောင်ကတည်းကိုက စနစ်တစ်ခု ထည့်သွင်းပြီးသားပါ။ ဆိုလိုတာက သူမရဲ့ website ကို စစဝင်လိုက်တာနဲ့ ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ စရွေးရပါပြီ။ တစ်ခုရွေးပြီးပြီဆိုတာနဲ့ ကလေးကို ဖြစ်စေချင်တဲ့ စရိုက်လက္ခဏာတွေဖြစ်တဲ့ ရိုးသားမယ်၊ တက်ကြွမယ်၊ ကျက်သရေရှိရမယ်၊ ထက်မြက်ရမယ် စသည်ဖြင့် ရွေးချယ်စရာ စရိုက်လက္ခဏာ ၁၂ ခုထဲက ၅ ခုကို ရွေးချယ်ရမှာပါ။ အဲဒါမှ စရိုက်လက္ခဏာအလိုက် သူမကိုယ်တိုင် စီစစ်ထားတဲ့ နာမည် ၃ ခုကို စံကာတင်အနေနဲ့ ပေါ်လာမှာဖြစ်ပါတယ်။

Special Name

ဒီလိုနာမည်တွေကို စရိုက်လက္ခဏာနဲ့ တွက်ချက်ပြီး အဖြေထုတ်ပေးဖို့အတွက် သူမကိုယ်တိုင် လနဲ့ချီကြာအောင် နာမည်ပေါင်း ၄,၀၀၀ ကျော်ကို လေ့လာရှာဖွေကာ အချက်အလက်တွေ မှတ်ယူထားခဲ့ရတာပါ။ Website စစချင်းတည်ထောင်ခါစတုန်းကတော့ အခကြေးငွေ မယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ငါးမိနစ်ကို သြစတးလျဒေါ်လာ ၁ ဒေါ်လာ စတင်ယူခဲ့ပါတယ်။ Beau Jessup ဟာ အခုအချိန်မှာ ၁၉ နှစ်ရှိနေပြီဖြစ်ပြီး အခုအချိန်အထိ သူမနာမည်ပေးလာခဲ့တဲ့ ကလေးပေါင်းဟာ ၁၆၂,၀၀၀ ကျော်ရှိသွားခဲ့ပါပြီ။

Source: News.AU

Penny

SHARE