လှပပြီး ထူးဆန်းတဲ့ သဘာဝတရားကြီးရဲ့ အံ့ဖွယ်ဖြစ်ရပ်များ

လူသားတွေ နေထိုင်ရာ ကမ္ဘာမြေကြီးဟာ ထူးခြားတဲ့ သဘာဝဖြစ်စဉ်တွေနဲ့ ပြည့်နှက်လျက်ရှိပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် လူသားတွေဟာ ၄င်းထူးခြားဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ လေ့လာခဲ့ပေမယ့် အဖြေသိရတာတွေရှိသလို ယနေ့တိုင် အဖြေရှာမရသေးပဲ ထူးဆန်းတာတွေလည်း ရှိနေတုန်းပါပဲ။ အောက်မှာ တွေ့ရမှာကတော့ ခရီးသွားတွေနဲ့ ဓာတ်ပုံဆရာတွေကို အများကြီး အံ့အားသင့်စေခဲ့တဲ့ မိခင် ကမ္ဘာမြေကြီးပေါ်က သဘာဝဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။

မီးလင်းနေတဲ့ ကမ်းခြေများ

Kevin Wolf

ကမ်းခြေမှာ ကြယ်လေးတွေ လင်းသလိုလင်းနေတဲ့ ဖြစ်ရပ်ဟာ အပူပိုင်းဒေသ ရေပြင်တွေထဲမှာ အဓိကဖြစ်လေ့ရှိပါတယ်။ ၄င်းဟာ အပြာရောင်အလင်းကို လွှတ်ထုတ်ပေးနိုင်တဲ့ အခွံမာရေသတ္တ၀ါ ostracod crustaceans တွေကြောင့် ဖြစ်ရတာပါ။ ၄င်းသတ္တ၀ါလေးတွေဟာ နေ့လည်ပိုင်းတွေမှာ သဲတွေထဲ ပုန်းအောင်းနေထိုင်လေ့ရှိပြီး ညဘက်ရောက်တဲ့အခါမှ အပြင်ကို အစာရှာထွက်လာတာ ဖြစ်ပါတယ်။ ဒါလို ညအချိန်မှာ လှပတဲ့ အပြာရောင်အလင်းတွေ တွေ့ရတဲ့ဖြစ်ရပ်ကို “sea sparkle” လို့လည်း ခေါ်ကြပါတယ်။

မီးတောင်လျှပ်စီး

Marc Szeglat

မီးတောင်ပေါက်ကွဲတဲ့အခါ လျှပ်စီးတွေထုတ်လွှတ်ပါတယ်။ ပေါက်ကွဲနေတဲ့ မီးတောင်ရဲ့ အပေါ်မှာ လျှပ်စစ်စီးကြောင်းတွေဖြစ်ပေါ်ပြီး ကောင်းကင်တစ်ခွင်လုံး လင်းနေတာကြောင့် မီးတောင်လျှပ်စီးလို့ ခေါ်ရတာပါ။ မီးတောင်ထဲက အမှုန်အမွှားတွေဟာ လွှတ်ထုတ်လိုက်တဲ့အခါ အချင်းချင်း ပွတ်တိုက်မိကာ အားတစ်ခုကို ဖြစ်စေပြီး လျှပ်စစ်ဓာတ်အားကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုနဲ့ ဖို၊မ လျှပ်စစ်မှုန်တို့ တွေ့ဆုံကြတဲ့အခါ လျှပ်စီးတွေ ဖြစ်ပေါ်လာရတာပါ။

READ
ကမ္ဘာအရပ်ရပ်က သီးခြားတိမ်မြှုပ်နေတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဓာတ်ပုံများ

မီးသက်တန့်

Jeff Kubina

မီးသက်တန့်တွေဟာ သက်တန့်နဲ့တူတဲ့ ကောင်းကင်ပေါ်က တိမ်တွေပဲ ဖြစ်ပါတယ်။ ၄င်းဖြစ်စဉ်ဟာ ရာသီဥတုနဲ့ လတ္တီကျုဒ်အနေအထားတို့အပေါ်လည်း မူတည်ပါသေးတယ်။ လတ္တီကျုဒ်မြင့်မားတဲ့ နေရာတွေမှာ လေဟာ ပိုအေးလာပါတယ်။ ဒီအချိန်မှာပဲ နေရဲ့ ထောင့်အနေအထားဟာ (၅၈) ဒီဂရီထက် မြင့်သွားပါတယ်။ နေဟာ တိမ်ထဲမှာဖြစ်ပေါ်နေတဲ့ ပါးလွှာတဲ့ပုံဆောင်ခဲလေးတွေကို ဖြတ်ပြီး အလင်းယိုင်လာတာကြောင့် မီးသက်တန့်ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ငှက်အုပ်

James Wainscoat

ထောင်ပေါင်းများစွာသော ငှက်တွေက တစုတဝေးတည်း အတူပျံသန်းလာတဲ့ အဖြစ်ကို မြင်ဖူးကြမယ် ထင်ပါတယ်။ အကြောင်းရင်းကတော့ ၄င်းငှက်တွေဟာ ရန်သူကို ရှောင်ရှားပြီး အချင်းချင်း ဖေးမကူညီဖို့ ဖြစ်ပါတယ်။ အုပ်လိုက်ကြီး ပျံသန်းတဲ့အခါ သူတို့ကို ထိုးသုတ်ဖို့ စောင့်ကြည့်နေတဲ့ စွန်၊ သိမ်းတို့ဟာ အစာကို သေချာချိန်ရွယ်နိုင်ဖို့ အခွင့်အလမ်းနည်းသွားစေပါတယ်။ ဒီဖြစ်ရပ်ကို murmurations လို့ ခေါ်ကြပါတယ်။ အစာရှာဖို့အတွက် အတူစုရုံးပြီး ဝေဟင်မှာ ပျံသန်းလာတဲ့ငှက်တွေဟာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့လည်း ဝေဟင်စတန့်လုပ်နိုင်ကြပါသေးတယ်။

READ
မြေအောက်ထဲတွင်းတူးနေထိုင်တဲ့ မဟူရာကျောက်ရှာဖွေသူတို့ ကျက်စားရာ မိုင်းမြို့လေး

ပင့်ကူအိမ်များ

DFID/ wikimedia

ပင့်ကူသန်းပေါင်းများစွာက ပင့်ကူမျှင်တွေ ထုတ်လွှတ်ပြီး လေဟုန်စီးကြတဲ့ အဖြစ်ကို ballooning ဖြစ်စဉ်လို့ သိကြပါတယ်။ ၄င်းဖြစ်ရပ်ဟာ အမေရိကန်၊ သြစတေးလျ၊ ဗြိတိန်နဲ့ ပါကစ္စတန်တို့မှာ ဖြစ်ပွားတတ်ပါတယ်။ မိုးကြီး ရေကြီးတဲ့အခါတွေမှာ ပင့်ကူသေးလေးတွေဟာ မြေပြင်ကနေ လွတ်တဲ့ သစ်ပင်ပေါ်တွေမှာ တက်ပြီး ပင့်ကူမျှင်တွေကို လွှတ်ကြပါတယ်။ ဒီလိုနဲ့ ပင့်ကူတစ်ကောင်တစ်လေ မဟုတ်ပဲ အကောင်ပေါင်း သန်းနဲ့ ချီပြီး အမျှင်တွေလွှတ်ကြရင်း နောက်ဆုံးတော့ လေပေါ်မှာ ပင့်ကူတွေ သွားလာလို့ရတဲ့ ဧရာမပင့်ကူအိမ်အကြီးကြီး ဖြစ်သွားပါတော့တယ်။ ဒီလိုနည်းနဲ့ ပင့်ကူတွေဟာ ခရီးသွားကြပါတယ်။

လင်းလင်း (ShweMom)

Ref: mind-blowingfacts

SHARE