ပြန်လည်ထူထောင်ရေးအတွက်ဖွင့်လှစ်ထားတဲ့ အကျဉ်းထောင်အတွင်းကအမျိုးသား ဗြူတီပါလာ

Facebook/Poojapura Central Prison

အိန္ဒိယနိုင်ငံက အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားပြန်လည်ထူထောင်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကျဉ်းသားတွေ ကိုယ်တိုင် အလှပြင်ပေးမယ့် ဗြူတီပါလာတစ်ခုဖွင့်လှစ်ထားပါတယ်။ အိန္ဒိယနိုင်ငံမှာ အခုလို အကျဉ်းသားပြန်လည်ထူထောင်ရေးအတွက် အရင့်အရင်ကလည်း အကျဉ်းသားတွေ ကိုယ်တိုင် စားဖိုဆောင်ဝင်ပြီး ချက်လုပ်ထားတဲ့ ချပါတီ၊  ဘီရယာနီနဲ့ တခြားမုန့်ဖုတ်စားစရာများကို ရောင်းချလေ့ရှိပါတယ်။ အဲဒီ အစားအစာတွေဟာ အကျဉ်းသားတွေ လုပ်ထားလို့ဆိုပြီး အရသာကတော့ ထိပ်တန်းအဆင့်မီတယ်လို့ ဆိုကြပါတယ်။ ဈေးချိုချိုနဲ့ အရသာရှိတယ်လို့လည်း ဆိုပါတယ်။ 

အခုတစ်ခေါက်ကတော့ အကျဉ်းသားတွေ  ကိုယ်တိုင်ဦးစီးဖွင့်လှစ်ထားတဲ့ ဗြူတီပါလာပါတဲ့။

Facebook/Poojapura Central Prison

Thiruvananthapuramအကျဉ်းထောင်မှာ ဖွင့်ထားတဲ့ အဲဒီဗြူတီပါလာကတော့ အကျဉ်းသားတွေကိုယ်တိုင် အလှပြုပြင်ပေးမှာပါတဲ့။  The New Indian Express သတင်းစာရဲ့ အဆိုအရ အလှပြုပြင်ပေးမယ့် အကျဉ်းသားတွေက အိန္ဒိယဗဟိုအကျဉ်းထောင်က အကျဉ်းသားတွေနဲ့ Poojapuraအကျဉ်းထောင်က အကျဉ်းသားတွေဖြစ်တယ်လို့ဆိုပါတယ်။ ဈေးပေါပေါနဲ့  အလှပြုပြင်လို့ရမှာဖြစ်ပြီး အပြင်က ဗြူတီပါလာတွေထက် အဆပေါင်းများစွာ ဈေးသက်သာတယ်လို့လည်းဆိုပါတယ်။

အလှပြုပြင်ရေးသင်တန်းတွေ တက်ရောက်ထားတဲ့ အကျဉ်းသား ၂၂ ယောက်က အလှည့်ကျ ပြုပြင်ပေးသွားမှာပါ။ အဲဒီဗြူတီပါလာမှာ ရနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ ဆံပင်ညှပ်ခြင်း၊ ဆံပင်အခြောက်ခံခြင်း၊ Spa ၊ ခြေသည်းလက်သည်းအလှပြုပြင်ခြင်း၊ မျက်နှာအလှပြုပြင်ခြင်း၊ ပေါင်းတင်ခြင်းတို့ ဖြစ်ပါတယ်။

Facebook/Poojapura Central Prison

လာရောက်အလှပြုပြင်မယ့်သူတွေအတွက်လည်း အကျဉ်းထောင်က လုံခြုံရေးအပြည့်ပေးထားဦးမှာပါ။ ဒါ့အပြင် ဗြူတီပါလာဖွင့်မယ့် နေရာအတွက် သီးသန့်နေရာပေးထားပြီး ပစ္စည်းကိရိယာတွေ၊ စက်ပစ္စည်းတွေကိုပါ အပြည့်အဝထားထားပေးဦးမှာပါ။ ရရှိလာမယ့် ငွေကြေးတွေကို အကျဉ်းသားသက်သာချောင်ချိရေး ရံပုံငွေထဲ ထည့်ထားမှာဖြစ်ပါတယ်။

Facebook/Poojapura Central Prison

“အကျဉ်းသားတွေက တကယ့်ကို တော်ကြပါတယ်။ ပြီးတော့ သူတို့က အရာရှိတွေ၊ အလှပြုပြင်တဲ့ဆရာတွေဆီကနေ ကောင်းကောင်းသင်ကြားထားတဲ့သူတွေပါ။ သူတို့ အပြစ်ဒဏ်ခံရတဲ့ ကာလပြီးလို့ ထောင်က ထွက်သွားရင် အပြင်က ဆိုင်တွေဆီမှာ အလုပ်တန်းလုပ်လို့ရတဲ့အထိ အတွေ့အကြုံတွေရသွားမှာပါ။ သိပ်မကြာခင်မှာလည်း အမျိုးသမီးတွေအတွက် ဗြူတီပါလာဖွင့်သွားဖို့ရှိပါတယ်”လို့ သယ်ယူပို့ဆောင်ရေးအရာရှိဖြစ်သူ Commissioner R Sreelekhaက ဆိုပါတယ်။

Ye Yint Kyaw

SHARE