အိပ်နေတုန်း ဗိုက်အဆီကျအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုလုပ်နိုင်သလဲ…

Pexels/ Public Domain Pictures

ဝိတ်ကျချင်ရင် အစားအသောက်ကို လျှော့စားရုံတင်မကပဲ ပုံမှန်လေ့ကျင့်ခန်းလည်း လုပ်ပေးပါလို့ လူတွေက ဆိုပါတယ်။ ဒါပေမယ့် အချိန်မှန်အိပ်စက်ခြင်းနဲ့ လုံလုံလောက်လောက်အနားယူခြင်းဟာလည်း လူကို အ၀လွန်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်ဆိုတာ လူတွေ မေ့နေကြပါတယ်။

အအိပ်ပျက်တဲ့အခါ ၀ိတ်တက်နိုင်ပါတယ်။ အကြောင်းရင်းကတော့ အိပ်ရေးမ၀တဲ့အတွက် စိတ်ကြည်လင်မှူလျော့နည်းကာ မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိတော့တာ ဖြစ်ပါတယ်။ မလိုလားအပ်ပဲ အစားတွေနင်းကန်စားမိတာ၊ အချိုနဲ့ အဆီများတဲ့ အစားအသောက်တွေ စားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုအခါမှာတော့ အိပ်ပျော်နေတဲ့အချိန်မှာ ၀မ်းဗိုက်ကအဆီတွေလောင်ကျွမ်းအောင် ဘယ်လိုအိပ်စက်သင့်တယ်ဆိုတဲ့အချက်တွေကို asiaone ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

အေးတဲ့နေရာမှာအိပ်ပါ

ခန္ဓာကိုယ်ထဲမှာ ရှိသမျှ အဆီအားလုံးဟာ မကောင်းတာချည်းပဲတော့ မဟုတ်ပါဘူး။ တစ်ချို့အဆီတွေက ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အဆီတွေ ဖြစ်ပါတယ်။ အညိုရောင်အဆီ သို့မဟုတ် Brown adipose tissue (BAT) လို့ခေါ်တဲ့ အဆီကတော့ ကယ်လိုရီတွေလောင်ကျွမ်းဖို့ အထောက်အကူပြုတဲ့ အဆီပဲ ဖြစ်ပါတယ်။ ဒီ BAT အဆီက အေးမြတဲ့နေရာမှာ အိပ်စက်တဲ့အခါ သူ့အလိုအလျောက်ထွက်ပေါ်ပါတယ်။ ဒါကြောင့် စာဖတ်သူ ကီလိုအနည်းငယ်ကျပြီး ကျန်းမာစေဖို့အတွက် အေးမြတဲ့နေရာမှာ အိပ်စက်သင့်ပါတယ်။

Pexels/Adrianna Calvo

ဖုန်းပိတ်အိပ်ပါ

သုတေသနသမားတွေက အိပ်ခန်းထဲ အီလက်ထရောနစ်ပစ္စည်း တစ်ခုသို့မဟုတ် တစ်ခုထက်ပိုထားတဲ့ ကလေးငယ်တွေဟာ အလွန်အကျွံဝိတ်တက်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ ဖုန်းကိုပဲ သုံးနေတဲ့အတွက် ကလေးတွေဟာ အိပ်ချိန်ပုံမှန်မရှိတော့သလို ကိုယ်လက်လှူပ်ရှားမှူနည်းလာပြီး အစားအသောက်ကို မှန်ကန်စွာ ရွေးချယ်စားသုံးနိုင်စွမ်းလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။ ခန္ဓာကိုယ်ဟာ အအိပ်ပျက်လာပြီဆိုရင် ဆာလောင်တဲ့ဟော်မုန်း ghrelin ထွက်လာတဲ့အတွက် အလွန်အကျွံစားသောက်ချင်စိတ်ကို ပိုဖြစ်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းတွေက ထွက်တဲ့ အပြာရောင်အလင်းတွေကလည်း မယ်လတိုနင်ထုတ်လုပ်မှူအပေါ် သက်ရောက်မှူဖြစ်စေပါတယ်။

အမှောင်ထဲမှာ အိပ်စက်ပါ

လူအများစုက အိပ်တဲ့အခါ မီးမှိတ်ကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဆိုလိုချင်တာက လုံးဝမှောင်ပိန်းနေတဲ့နေရာမှာ အိပ်စက်တာကို ဆိုလိုတာပါ။ ဥပမာ မီးတွေအကုန်ပိတ်မယ်၊ ပြတင်းပေါက်ကနေ ပြင်ပက အလင်းမ၀င်နိုင်အောင် လိုက်ကာကို ချထားတာမျိုးတွေပါ။ အမှောင်ထဲမှာ အိပ်တဲ့အခါ လူ့ခန္ဓာကိုယ်ဟာ မယ်လတိုနင်ခေါ်တဲ့ အိပ်ချင်စိတ်ကို ပိုထောက်ကူပေးတဲ့ ဟော်မုန်းတစ်မျိုးထွက်ပါတယ်။ အဲ့ဒီမယ်လတိုနင်က အလင်းနဲ့ဓာတ်မတည့်ပါဘူး။ အလင်းနည်းနည်းလေး ထိတွေ့ရုံနဲ့ မယ်လတိုနင်ဟာ အချိန်တိုအတွင်းမှာပဲ လျော့ကျပြီး အိပ်ချင်စိတ်ကို ပျက်ဆီးစေပါတယ်။ မယ်လတိုနင်ဟာ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေအပေါ် လွှမ်းမိုးမှူရှိတဲ့အပြင် BAT အဆီတွေ ပိုမိုထွက်လာအောင်လည်း ကူညီပေးပါတယ်။

pixels/freestocks.org

ညအိပ်ရာမ၀င်ခင် လက်ဖက်စိမ်းသောက်ပါ

အများစုက လက်ဖက်စိမ်းထဲမှာ ကဖင်းဓာတ်ပါဝင်တာကြောင့် ညအိပ်ရာမ၀င်ခင် မသောက်သင့်ဘူးလို့ ယူဆချင် ယူဆမှာပါ။ ဒါပေမယ့် လက်ဖက်စိမ်းဟာ အိပ်စက်ရာမှာ အနှောင့်အယှက်မပေးသလို ကိုယ်တွင်းမကောင်းတဲ့ ကိုလက်စထရောအဆီတွေကိုလည်း ကျစေပါတယ်။ လက်ဖက်စိမ်ထဲမှာပါတဲ့ epigallocatechin gallate (ECGC) ဆိုရင် ကိုယ်တွင်းဇီဝဖြစ်စဉ်ကို တိုးတက်စေပါတယ်။

လက်ဖက်စိမ်းထဲမှာတော့ ကဖင်းဓာတ်ပမာဏက သုံးပုံတစ်ပုံလောက်ပဲ ပါဝင်ပါတယ်။ အချို့ကလည်း လက်ဖက်စိမ်းထဲမှာ theanine ဟော်မုန်းပါဝင်တဲ့အတွက် စိတ်ဖိစီးမှူကို လျော့ချပေးကာ အိပ်စက်ခြင်းကို အထောက်အကူပြုပေးကြောင်း ဆိုပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ လက်ဖက်စိမ်းထဲမှာ ကဖင်းဓာတ်ပါဝင်မှူ အနည်းအကျဉ်းနဲ့ ပတ်သက်လို့ အဆင်ပြေတယ်ဆိုရင်တော့ လက်ဖက်စိမ်းကို ညအိပ်ရာမ၀င်ခင် သောက်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

လင်းလင်း (ShweMom)

SHARE