ကိုဗစ်ကို ဗော့ဒ်ကာနဲ့ ကုသနိုင်တယ်ဆိုတဲ့ ဘီလာရုစ်သမ္မတ၊ ကိုဗစ်ကူးစက်ခံထားရ

(Nikolai Petrov/BelTA Pool Photo via AP)

ဘီလာရုဇ်ရဲ့ သက်တော်ရှည်အာဏာရှင် သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုကတော့ ကိုဗစ်-၁၉ ကူးစက်ခံထားရလို့ ပုဂ္ဂလိက ဆေးဝါးကုသမှုတွေ ခံယူနေရပြီ ဖြစ်ပါတယ်။ သမ္မတလူကာရှန်ကိုဟာ အသက်(၆၅)နှစ် ရှိပြီဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၁၉၉၄)ခုနှစ် ဇူလိုင်(၂၀)ကတည်းက သမ္မတ ဖြစ်လာခဲ့သူပါ။

သမ္မတလူကာရှန်ကိုဟာ သူ့ကိုယ်သူ “ဥရောပရဲ့ နောက်ဆုံးအာဏာရှင်”ဆိုပြီး တင်စားလေ့ရှိပါတယ်။ သူဟာ ကိုဗစ်အရေး ကိုင်တွယ်ဖြေရှင်းရာမှာလည်း ဝေဖန်မှုတွေ ခံနေရပေမယ့် ကိုဗစ်ကို ၎င်းတို့အစိုးရက ကောင်းကောင်း ကိုင်တွယ်ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ ဆိုထားပါတယ်။

သူဟာ မကြာသေးခင်တုန်းက ဗော့ဒ်ကာနဲ့ ချွေးထုတ်ခန်းက ကိုဗစ်-၁၉ကို ကုသနိုင်တယ်ဆိုပြီး အငြင်းပွားဖွယ်ရာ အဆိုစကား ပြုခဲ့ပါသေးတယ်။ အခုတော့ သူကိုယ်တိုင် ကိုဗစ်-၁၉ကူးစက်ခံထားရပြီလို့ သိရပါတယ်။ ဒီဝန်ခံမှုကို တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာ သူကိုယ်တိုင်ပြောခဲ့တာဖြစ်ကြောင်း Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သူက “ ဒီနေ့ ခင်ဗျားတို့အနေနဲ့ ကိုဗစ်ကနေ ရှင်သန်လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ကို တွေ့နေရတာ ဖြစ်ပါတယ် … ဒေါက်တာတွေက မနေ့က အတည်ပြုခဲ့ပြီးပါပြီ .. ရောဂါလက္ခဏာတွေကတော့ မထင်ရှားပါဘူး ”လို့ ပြောခဲ့ပါတယ်။

Wikimedia Commons

သမ္မတလူကာရှန်ကိုက သူ့အနေနဲ့ ကိုဗစ်-၁၉ ဘယ်လို-ဘယ်အချိန် ကူးစက်ခံခဲ့ရတယ်ဆိုတာကိုတော့ ဖွင့်ဟခြင်းမရှိပါဘူး။ သူက “ ကျွန်တော် ပြောခဲ့သလိုပဲ … ကျွန်တော်တို့လူမျိုး (၉၇)%လောက်က ဒီရောဂါပိုးကို မထင်မရှား သယ်ဆောင်လာနေပါတယ် …. ”လို့ ပြောခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ ဇူလိုင်(၂၈)ရက်က Minsk မြို့မှာ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာ ဒီဝန်ခံမှုကို ပြုလုပ်ခဲ့တာပါ။ လူကာရှန်ကိုဟာ ဗိုင်းရပ်ကပ်ဆိုး ထလာချိန်မှာ နိုင်ငံကို Lockdown လုပ်ဖို့ ငြင်းဆန်ခဲ့သလို၊ သူကိုယ်တိုင် ဟောကီတွေ ကစားပြခြင်း၊ ပွဲတွေလုပ်တာကို အားပေးအားမြှောက်လုပ်ခြင်းတွေ ရှိခဲ့ပါတယ်။

သူ့ရဲ့တိုက်တွန်းမှုမှာ တစ်ရက်ကို ဗော့ဒ်ကာ (၅၀)မီလီလီတာသောက်ရုံနဲ့ ကိုဗစ်သာမက တခြားရောဂါတွေ မနှောက်ယှက်နိုင်ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ဘီလာရုဇ်မှာ ကိုဗစ်ကြောင့်သေဆုံးသူ တစ်ယောက်မှ မရှိစေရဆိုပြီးလည်း ကြုံးဝါးခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ယင်းနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ (၅၃၈)ဦး ရှိနေပါပြီ။

လင်းသူရိန်

SHARE