လမ်းလျှောက်ခြင်းထက်သာတဲ့ စက်ဘီးစီးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

pexels/Nubia Navarro

လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကျန်းမာရေးကိုအများကြီးအထောက်အကူပြုပါတယ်။ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ အပြေးလေ့ကျင့်တာပဲဖြစ်ဖြစ်၊ စက်ဘီးစီးတာပဲဖြစ်ဖြစ် ဘယ်လေ့ကျင့်ခန်းမဆို စွဲစွဲမြဲမြဲလုပ်နိုင်လေလေ အကျိုးကျေးဇူးကြီးလေလေပါပဲ။ အခုအခါမှာတော့ insider သတင်းကနေတဆင့် စက်ဘီးစီးခြင်းရဲ့ကောင်းကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။

နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်

စက်ဘီးစီးခြင်းဟာ အေရိုးဗစ်လေ့ကျင့်ခန်းအတွက် နည်းလမ်းတစ်ခုပါ။ သူ့ကို cardio လို့လည်း ခေါ်ပါတယ်။ အကြောင်းကတော့ သင့်နှလုံးနဲ့ အဆုတ်တို့ကို အလုပ်လုပ်စေနိုင်လို့ဖြစ်ပါတယ်။ စက်ဘီးစီးခြင်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။ အလုပ်ကိုစက်ဘီးစီးသွားတာက လမ်းလျှောက်ခြင်းထက် ပိုကောင်းတယ်လို့ပညာရှင်တွေက ဆိုပါတယ်။

pexels/pixabay

ကိုယ်အလေးချိန်လျော့ကျစေတယ်

၂၀၁၉ခုနှစ် သုတေသနရလဒ်တစ်ခုအရ အပြင်ထွက်ပြီး စက်ဘီးမစီးနိုင်ရင်တောင် အိမ်ထဲမှာ စက်ဘီးနင်းစက်နဲ့လေ့ကျင့်ခန်းလုပ်မယ်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာကိုစားမယ်ဆိုရင် ဝိတ်ကျစေတယ်၊ သွေးဖိအားကျစေတယ်လို့ တွေ့ရပါတယ်။ လောင်ကျွမ်းတဲ့ကယ်လိုရီပမာဏကတော့ သင်ဘယ်လောက် ကြိုးစားအားထုတ်နိုင်လဲဆိုတဲ့အပေါ်မူတည်ပါတယ်။

အရိုးအဆစ်တွေအတွက် ဖိအားမဖြစ်ဘူး

လူတွေဟာ လမ်းလျှောက်တဲ့အခါ မြေဆွဲအားကြောင့် ခန္ဓာကိုယ်အလေးချိန်ရဲ့နှစ်ဆကနေ လေးဆအတွင်း တုံ့ပြန်ပြီးမြေကြီးပေါ်လမ်းလျှောက်ရပါတယ်။ ဒါပေမဲ့ စက်ဘီးစီးတဲ့အခါမှာတော့ လမ်းလျှောက်တာလောက် အားစိုက်ထုတ်စရာမလိုပါဘူး။ ဒူးခေါင်း သို့မဟုတ် တင်ပါးရိုးအစားထိုးထားသူတွေ၊ ခါးနာတဲ့သူတွေအတွက် စက်ဘီးစီးခြင်းဟာ ပိုသင့်တော်ပါတယ်။

READ
တိတ်တဆိတ် စိတ်ဓါတ်ကျနေသူများတွင် တွေ့ရသည့် လက္ခဏာများ
pexels/Markus Spiske

ကိုယ်ခန္ဓာကို ဟန်ချက်ထိန်းပေးနိုင်တယ်

စက်ဘီးစီးခြင်းဟာ ခန္ဓာကိုယ်ကိုဟန်ချက်ညီစေတဲ့အပြင် အသက်ကြီးလာတဲ့အခါ ဟန်ချက်မထိန်းနိုင်လို့ လဲကျတဲ့ဘေးက ကာကွယ်နိုင်ပါတယ်။ အပြင်မှာ စက်ဘီးစီးတဲ့အခါ ကိုယ်ကို တည့်တည့်မတ်မတ်ထားပြီးနင်းရတဲ့အတွက် သင်ဟာ သင့်ကိုယ်သင် ခန္ဓာကိုယ်ဟန်ချက်ထိန်းနိုင်ဖို့အလုပ်လုပ်နေတာဖြစ်ပါတယ်။ အာရုံကြောရောဂါရှိတဲ့သူတွေဟာ စက်ဘီးစီးသင့်ပါတယ်။ လေဖြတ်တဲ့လူနာတွေဟာလည်း အိမ်တွင်းမှာ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ဖို့သင့်တော်ပါတယ်။ ဒါ့အပြင် စက်ဘီးစီးတဲ့အခါ မှတ်ဉာဏ်တိုးလာတာ၊ စိတ်ဖိစီးမှုတွေလျော့သွားတာ၊ စိတ်ပိုင်းဆိုင်ရာပိုကောင်းလာတာ စတဲ့ အကျိုးကျေးဇူးတွေရှိတဲ့အတွက် စက်ဘီးစီးခြင်းဟာ လူ့ကျန်းမာရေးအတွက် များစွာ အထောက်အပံ့ပေးတဲ့အကြောင်းဖော်ပြပေးလိုက်ရပါတယ်။

ShweMom

SHARE