စိတ်ပျော်ခြင်းအပါအဝင် လေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

pexels/ Li Sun

လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ လူ့ကျန်းမာရေးကို အကျိုးကျေးဇူးများစွာဖြစ်စေတဲ့အပြင် ပိုမိုပျော်ရွှင်တဲ့ဘဝကိုလည်း ရရှိစေပါတယ်။ ကိုယ်ခန္ဓာတောင့်တင်းကြံ့ခိုင်ဖို့ပဲလုပ်လုပ်၊ နှလုံးကြွက်သားတွေကျန်းမာသန်စွမ်းအောင်ပဲလုပ်လုပ် ဘာအကြောင်းကြောင့်ပဲဖြစ်ပါစေ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့အကျိုးရလဒ်ဟာ ရေရှည်မှာ စာဖတ်သူကိုပျော်ရွှင်စေနိုင်မှာဖြစ်ပါတယ်။ အခုအခါမှာတော့ insider သတင်းစာမျက်နှာကနေတဆင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ကောင်းကျိုးအဖြာဖြာကိုဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ လူကိုပျော်ရွှင်စေပါတယ်။ အသက်ရှည်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ အသက်ရှည်ခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့အကြောင်း သုတေသနတွေမှာဆိုထားပါတယ်။ ဥပမာပြောရရင် လူတစ်ယောက်ဟာ လေ့ကျင့်ခန်းလုပ်ပါများတဲ့အခါ အရိုးပါးရောဂါနဲ့ အချို့သောကင်ဆာရောဂါတွေကို ကာကွယ်ပေးကြောင်း သိရပါတယ်။ အသက်ကြီးတဲ့သူတွေရဲ့ နှလုံးကျန်းမာရေးကိုတိုးတက်စေပြီး အသက်ရှည်စေနိုင်ပါတယ်။

pexels/Elly Fairytale

လေ့ကျင့်ခန်းလုပ်တဲ့အတွက်ကြောင့် အသက်ကြီးတဲ့အခါ မှတ်ဉာဏ်လျော့ပါးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်လေ့လာချက်တစ်ခုမှာတော့ အေရိုးဗစ်လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တွင်းက လုပ်ဆောင်မှုတွေကို တိုးတက်စေတယ်ဆိုပါတယ်။ မှတ်ဉာဏ်တွေကောင်းကောင်းအလုပ်လုပ်ပြီး ကျိုးကြောင်းဆက်စပ်စဉ်းစားနိုင်စွမ်း မလျော့တဲ့အပြင်  မှတ်ဉာဏ်လျော့ကျနိုင်တဲ့ အလားအလာရှိတဲ့ အသက် ၅၅နှစ်အထက်ရှိတဲ့ လူကြီးတွေကိုလည်း မိမိကိုယ်ကို ထိန်းချုပ်စေနိုင်မှာ ဖြစ်ပါတယ်။

READ
အသည်းကွဲခြင်း(Heart-Broken)ဟာ နှလုံးကျန်းမာရေးကို တကယ်ထိခိုက်စေနိုင်

လေ့ကျင့်ခန်းဟာ ကျန်းမာတဲ့ စားသောက်မှုပုံစံကိုလှုံ့ဆော်ပေးပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ University of Minnesota Medical School က ခွဲစိတ်ဆရာဝန် Michael Knudsen က အခုလိုပြောပါတယ်။ “လူတွေဟာ ကျန်းမာတဲ့အလေ့အကျင့်တွေကို နေ့စဉ်လူနေမှုဘဝမှာ ထည့်သွင်းလုပ်ဆောင်လာတာနဲ့အမျှ အခြားနေရာတွေမှာလည်း ပိုပြီးသတိကောင်းလာပါတယ်။ ဥပမာပြောရရင် အစားအသောက်ကိုလည်း ပိုဂရုစိုက်တတ်လာတာပေါ့။”

pexels/Anna Shvets

လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ ကိုယ်ခံအားကောင်းမွန်တဲ့အခါ ပြင်ပရောဂါတွေဝင်ရောက်နိုင်ခြေနည်းပါးသွားပါတယ်။ ဒါ့ပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့အတွက် လူဟာ ပိုအင်အားရှိလာတဲ့အပြင် ပင်ပန်းနွမ်းနယ်မှုတွေကိုပါလျော့နည်းစေပါတယ်။ သုတေသနတစ်ခုအရဆိုရင် လူတစ်ယောက်ဟာ အေရိုးဗစ်လေ့ကျင့်ခန်းကို ၁၀မိနစ်လောက်လုပ်ရုံနဲ့ တစ်နေ့တာလုံးအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ပိုမိုကောင်းမွန်လာတယ်လို့လည်းသိရပါတယ်။

ShweMom

SHARE