သီဘရောင်းဟာ အသက် (၅၄) နှစ်အရွယ်မှာပဲ သေဆုံးခဲ့ပြီဖြစ်တယ်လို့ livescience သတင်းဌာနအရသိရပါတယ် ဘာလင်လူနာလို့လူသိများတဲ့ တင်မိုသီဟာ ဘာလင်မြို့မှာနေထိုင်သူပါ။ သူ့မှာ HIV ရောဂါအပြင် သွေးဖြူဥကင်ဆာအဖြစ်သိကြတဲ့ ပြင်းထန်တဲ့ချဉ်ဆီသွေးကင်ဆာရှိနေတာပါ။
သူဟာ ၂၀၀၆ခုနှစ်မှာ ကင်ဆာရောဂါဖြစ်နေကြောင်းသိရှိခဲ့ပြီး ၂၀၀၇ခုနှစ်မှာတော့ ဓာတ်ရောင်ခြည်နဲ့ကုသခြင်း၊ ရိုးတွင်းချဉ်ဆီအစားထိုးကုသခြင်းတို့ ခံယူခဲ့ပါတယ်။ ဒီကုထုံးကတော့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ကင်ဆာဆဲလ်တွေကိုတိုက်ဖျက်ဖို့ဖြစ်ပြီး ရိုးတွင်းချဉ်ဆီထဲမှာ ကျန်းမာတဲ့အဖြူရောင်ဆဲလ်တွေကို ထုတ်လုပ်ပေးဖို့ဖြစ်ပါတယ်။
တင်မိုသီကိုဆေးကုသပေးနေသူ ဆရာဝန်ဂျီရိုဟတ်တာကတော့ တင်မိုသီရဲ့သွေးကင်ဆာနဲ့ HIV နှစ်ခုစလုံးကိုတစ်ပြိုင်တည်းကုသပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဟတ်တာဟာ HIV ရောဂါပိုးကို သဘာဝအလျောက်ခုခံကာကွယ်နိုင်စွမ်းရှိသူ ရိုးတွင်းချဉ်ဆီအလှူရှင်ကိုရှာဖွေခဲ့ပါတယ်။
HIV ရောဂါပိုးဟာ ပုံမှန်အားဖြင့် အဖြူရောင်သွေးဖြူဥဆဲတွေဖြစ်တဲ့ စီဒီတီဖိုးဆဲလ်တွေကိုတိုက်ခိုက်တာဖြစ်ပါတယ်။ ဆဲလ်တွေရဲ့မျက်နှာပြင်ပေါ်က အထူးလက်ခံနေရာတစ်ခုကနေ ဗိုင်းရပ်စ်က ထိုးဖောက်ဝင်ရောက်တာပါ။ ဒါပေမဲ့ မျိုးဗီဇအားဖြင့် ခုခံကာကွယ်နိုင်စွမ်းရှိသူတွေကတော့ ဆဲလ်မျက်နှာပြင်ပေါ်က အထူးလက်ခံနေရာဟာ HIV ဗိုင်းရပ်စ်တွေအတွင်းထဲမဝင်နိုင်တဲ့ ထူးခြားတဲ့ပုံစံမျိုး သဘာဝအလျောက်ရှိနေကြပါတယ်။
တင်မိုသီဟာ ၂၀၀၇ခုနှစ်မှာ ရိုးတွင်းချဉ်ဆီအစားထိုးကုသမှုကိုခံယူခဲ့ပြီး HIV ရောဂါကင်းစင်သွားခဲ့ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်မှာ သွေးကင်ဆာအတွက် ဒုတိယအကြိမ်ချဉ်ဆီအစားထိုးကုသမှုကိုပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းများစွာ ရောဂါကင်းလွတ်ခဲ့အပြီး ၂၀၁၉ခုနှစ်မှာတော့ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကင်ဆာဟာ ကျောရိုးနဲ့ဦးနှောက်တွေကိုပါ ပြန့်နှံ့နေပါပြီ။ တင်မိုသီဟာ HIV ရောဂါကို ကမ္ဘာ့ပထမဆုံးအဖြစ်ကုသပျောက်ကင်းခဲ့တာဖြစ်ပြီး သေသည်အထိရောဂါလက္ခဏာတွေပျောက်ကင်းသွားခဲ့ပေမယ့် ကင်ဆာရောဂါကတော့ ဆယ်စုနှစ်တစ်ခုကြာပြီးမှာ ပြန်ပေါ်လာကာ အသက်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။
လင်းလင်း (ShweMom)