သဘာဝဘေးအန္တရာယ်တွေအကြောင်းကို ရိုက်ကူးပြသထားတဲ့ အမိုက်စား ရုပ်ရှင် ၄ ကား

Amazon

သဘာဝဘေးအန္တရာယ်တွေဆိုတာ ကမ္ဘာမြေကြီးပေါ်မှာ အချိန်မရွေး ဖြစ်လာနိုင်တဲ့ အရာတွေပါပဲ။ မြေငလျငလှုပ်တာတို့၊ ရေကြီးတာတို့၊ လေပြင်းမုန်တိုင်းတိုက်တာတို့၊ မီးတောင်ပေါက်ကွဲတာတို့ အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေကို များသောအားဖြင့် သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကြိုတင်သိရှိနိုင်သလို တစ်ချို့အရာတွေကတော့ ကြိုတင်မသိရှိနိုင်ပဲ ရုတ်တရက် ဖြစ်ပွားလာနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်သဘာဝဘေးအန္တရ်ာမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို သဘာဝဘေးအန္တရာယ်တွေအကြောင်းကို ရိုက်ကူးပြသထားတဲ့ အမိုက်စား ရုပ်ရှင်ကား ၄ ကားအကြောင်းကို ပြောပြချင်ပါတယ်။

2012

ဒီ 2012 ရုပ်ရှင်ဇာတ်ကားကတော့ လူတော်တော်များများ ကြည့်ဖူးကြမှာပါ။ အရင်တုန်းကတော့ ဒီဇာတ်ကားထွက်ရှိပြီး သိပ်မကြာခင် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုပြီး ကောလဟာလတွေတောင် ထွက်လာခဲ့ပါသေးတယ်။ အကြောင်းကတော့ ရှေးခေတ်မာယန်းလူမျိုးတွေရဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်က နောက်ဆုံးဖြစ်နေတာကြောင့်ပါပဲ။ ဒီဇာတ်ကားဟာ အခုအချိန်အထိကျု ဘယ်အချိန်ကြည့်ကြည့် လုံးဝမရိုးနိုင်သေးတဲ့ ဇာတ်ကားတစ်ကားပါပဲ။ လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် လုံးဝကမ္ဘာကြီးပျက်သွားတဲ့အချိန်မှာ အသက်ရှင်လွတ်မြောက်အောင် ဘယ်လိုတွေလုပ်ကြသလဲ၊ ကမ္ဘာကြီးပျက်သွားတဲ့အချိန်မှာ ကျန်တဲ့လူတွေနဲ့ ဘယ်လိုမျိုး ခရီးဆက်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

READ
ရုပ်ရည်နဲ့ ပတ်သတ်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရဖူးတဲ့ ဘောလိဝုဒ်အနုပညာရှင်များ

Geo Storm

၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Goe Storm ဇာတ်ကားကိုတော့ နာမည်ကြီး ဒါရိုက်တာ Dean Devlin ကိုယ်တိုင်ရိုက်ကူးပြီး မင်းသားကြီး Gerard Bulter နဲ့ Jim Sturgess တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာတစ်ဝှမ်းမှာ ကြုံတွေ့နေရတဲ့ သဘာဝတရားကြီးရဲ့ ဖောက်ပြန်မှုတွေကို ကာကွယ်ဖို့အတွက် နိုင်ငံတကာ သိပ္ပံပညာရှင်တွေပေါင်းပြီး ဒက်ခ်ျဘွိုင်းဆိုတဲ့ စနစ်တစ်ခုကို တည်ဆောက်ခဲ့ကာ အာကာသစခန်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ အာကာသစခန်းကနေပြီးတော့ နိုင်ငံတကာမှာရှိတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကောင်းကောင်းကြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အဆိုပါ အာကာသစခန်းကို နိုင်ငံရေးခေါင်းဆောင်တစ်ဦးက ကမ္ဘာဖျက်လက်နက်ကြီးတစ်ခုအဖြစ် ပုံစံပြောင်းလိုက်တဲ့အချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ သာမန်ဖြစ်ပွားနေကျ သဘာဝဘေးအန္တရာယ်တွေထက် အဆပေါင်းများစွာ ဆိုးဝါးတဲ့ သဘာဝဘေးအန္တရာယ်ပေါင်းများစွာဟာ ကမ္ဘာကြီးပေါ် ကျရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ ကိစ္စကို ဘယ်လိုမျိုးတွေဖြေရှင်းပြီး ကမ္ဘာကြီးကို ကယ်တင်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။

The Day After Tomorrow

The Day After Tomorrow ဇာတ်ကားမှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘာဝဘေးအန္တရာယ်တွေ ကမ္ဘာကြီးအပေါ် ရုတ်တရက်ကျရောက်လာခဲ့တဲ့ ဇာတ်လမ်းကို ရိုက်ပြထားတာပါ။ လူတစ်ယောက်ကို စက္ကန့်အနည်းငယ်အတွင်း အေးခဲသွားအောင် လုပ်နိုင်တဲ့ ရေခဲမုန်တိုင်းတွေ၊ စိတ်ကူးနဲ့တောင် မတွေးကြည့်ဖူးတဲ့ လေဆင်နှာမောင်းကြီးတွေ၊ မြို့ကြီးတစ်မြို့ကို မိနစ်ပိုင်းအတွင်း ဝါးမျိုနိုင်တဲ့ ဧရာမလှိုင်းလုံးကြီးတွေ အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေဟာ ကမ္ဘာကြီးပေါ်ကို ရုတ်တရက် ကျရောက်လာခဲ့တဲ့ အချိန်မှာတော့ လူတွေအနေနဲ့ ဘယ်လိုမျိုး survive လုပ်ကြသလဲဆိုတာကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

READ
ကိုရီးယားရုပ်သံလှိုင်းက ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မြန်မာမလေးလှယမင်းအိမ်

Greenland

ဒီဇာတ်ကားကတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ကလာ့ခ်လို့ အမည်ရတဲ့ ကြယ်တံခွန်ကြီးတစ်လုံးဟာ ကမ္ဘာကြီးဆီကို တရွေ့ရွေ့နဲ့ ချဉ်းကပ်လာပါတယ်။ ဒါပေမယ့် လူတော်တော်များများ သိထားတာကတော့ အဆိုပါ ကြယ်တံခွန်ကြီးဟာ နေအပူချိန်ကြောင့် ပြိုကွဲပျက်ဆီးသွားပြီး ပင်လယ်သမုဒ္ဒရာကြီးထဲ ကျသွားမယ်ဆိုပြီး သိထားကြတာပါ။ ဒါ့ကြောင့် ကြယ်တံခွန်ကြီး ပင်လယ်ထဲကျမှာကို တကူးတကနဲ့ လာရောက်ကြည့်ရှု့သူတွေတောင် အများကြီးရှိပါတယ်။ ဒီလိုနဲ့ တစ်ကယ့်လက်တွေ့မှာတော့ အဆိုပါ ကြယ်တံခွန်ကြီးဟာ ကမ္ဘာဖျက်မယ့် ကြယ်တံခွန်ကြီးတစ်ခု ဖြစ်နေတာကို သိရှိလိုက်ရတဲ့အချိန်မှာတော့ အရာအားလုံးနောက်ကျသွားခဲ့ပါပြီ ဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE