ပရိသတ်အများစု လက်ခံထားတဲ့ Stephen Chow ရဲ့ အကောင်းဆုံးရုပ်ရှင်ကား ၆ ကား

KungFuHustle/Imdb

ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရတွေထဲမှာ Stephen Chow ရဲ့ ရုပ်ရှင်ကားများစွာလည်း ပါဝင်နေမှာပါ။ ဟာသမြောက်တဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပြန်သတိရမိကြဦးမှာပါ။Stephen Chow ဟာ ရုပ်ရှင်ကားပေါင်း ကား ၅၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့ကို ရုပ်ရှင်ကားတွေမှာ မတွေ့ရတော့ပါဘူး။

လေးငါးနှစ်လောက်နေမှ တစ်ကားနှစ်ကားထဲမှာ သူ ပြန်လည် ပါဝင်လာခဲ့ပေမယ့် Stephen Chow ရဲ့ ရုပ်ရှင်တွေကိုဟာ ကျွန်တော်တို့ ငယ်ဘဝရဲ့ အကောင်းဆုံးမှတ်ဥာဏ်တွေအဖြစ် သူဟာ ရှိနေပါဦးမယ်။ ဒီလို Stephen Chow ရဲ့ ရုပ်ရှင်ကားပေါင်းမြောက်များစွာထဲက  ငယ်ဘဝရဲ့ အမှတ်တရတွေဆီကို ပြန်လည်ခေါ်ဆောင်သွားရင်းနဲ့ သူ့ရဲ့ အကောင်းဆုံး ရုပ်ရှင်ကား ခြောက်ကားကို ရွေးချယ်ဖော်ပြပါရစေ။

(၁)A Chinese Odyssey Part One: Pandora’s Box and Part Two: Cinderella (1995)

လူတော်တော်များများက Stephen Chow ရဲ့ အကောင်းဆုံးရုပ်ရှင်ဟာ King of Comedy လို့ ဆိုကြပေမယ့် A Chinese Odyssey မှာ Stephen Chow ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုတွေကို မြင်တွေ့ရတာကြောင့် သူ့ရဲ့ အကောင်းဆုံး ရုပ်ရှင်အဖြစ်ရွေးချယ်ထားပါတယ်။ Part One နဲ့ Part Two ဆိုပြီး နှစ်ကားထွက်တဲ့ ၁၉၉၅ ခုနှစ်က A Chinese Odyssey မှာ ကွန်ဖူး၊ ဟာသ၊ စိတ်ကူးယဉ်မှုနဲ့ အလွမ်းအဆွေး စတဲ့ အမယ်စုံရသမျိုးစုံကို ပေါင်းစည်းပေးထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။ Part One ကို ကြည့်ပြီး ရယ်ရတဲ့ ရုပ်ရှင်တစ်ကားလို့ ခံစားရပေမယ့်လို့ Part Two မှာတော့ ငိုရတဲ့ အထိ ခံစားရစေမယ့် ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။

(၂) King of Comedy (1999)

Stephen Chow ရဲ့ ရုပ်ရှင်ကားတွေအကြောင်း ပြောရင် လုံးဝချန်ထားခဲ့လို့မရတဲ့ ရုပ်ရှင်ကားတစ်ကားကတော့ King of Comedy ပါပဲ။ ဘာကြောင့်လဲဆိုတော့ King of Comedy ကနေစပြီး Chow ဟာ သူ့ရဲ့ သရုပ်ဆောင်မှုအတတ်ပညာလမ်းကြောင်းကို ရရှိသွားခဲ့တယ်လို့ ဆိုရမှာပါ။ သူ့ရဲ့ သရုပ်ဆောင်လမ်းကြောင်းမှာ အစကတော့ ရုပ်ရှင်ကားကြီးတွေထဲမှာ ယာယီသရုပ်ဆောင်တစ်ယောက်အဖြစ် ခေတ္တခဏသာ စတင် သရုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်း အတွေ့အကြုံများစွာ ရရှိပြီး ထိပ်တန်းမင်းသားတစ်လက်အဖြစ် ရောက်ရှိလာစေခဲ့တာပါ။ King of Comedy ထဲမှာ Wan Tin-Sau နေရာမှာ သရုပ်ဆောင်တဲ့ Chow ဟာ ဒီရုပ်ရှင်ကနေ အတွေ့အကြုံနဲ့ သူ့ရဲ့ သရုပ်ဆောင်အတတ်ပညာကို များစွာ အထောက်အကူဖြစ်စေခဲ့တယ်လို့ ဆိုရပါမယ်။

(၃) From Beijing with Love (1994)

From Beijing with Love ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ ဒါရိုက်တာ Jeff Lau ရိုက်ကူးတဲ့ အဆိုပါ ရုပ်ရှင်ကားဟာ ဒါရိုက်တာအတွက် အကောင်းဆုံးလက်ရာထဲက တစ်ခုဖြစ်ခဲ့ပြီး Chow အတွက်လည်း မှတ်တိုင်တစ်ခုဖြစ်စေခဲ့ပါတယ်။ ဟာသ၊ နာကျင်မှု၊ စိတ်ဒဏ်ရာရရှိမှုတွေနဲ့ ယက်ဖောက်ထားတဲ့ From Beijing with Love ဟာ ကြည့်ရှု့သူတွေကို ရသမျိုးစုံပေးခဲ့ပြီး Chow ကိုလည်း လူတွေမှတ်မိစေတဲ့ ရုပ်ရှင်ကားတစ်ကားလည်း ဖြစ်စေခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ Chow ရဲ့ တကယ့်ပုံရိပ်အစစ်အမှန်ကို ဒီရုပ်ရှင်မှာ စပြီး မြင်တွေ့ရတယ်လို့ ဆိုကြပါတယ်။

(၄) God of Cookery (1996)

God of Cookery ရုပ်ရှင်ကားကတော့ Chow ရဲ့ သရုပ်ဆောင်အတတ်ပညာရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါ။ God of Cookery မှာ သူ ပါဝင်သရုပ်ဆောင်ခဲ့ရုံတင်မကဘဲ သူ ပထမဆုံး ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်တင်မဟုတ်တော့ဘဲ ဒါရိုက်တာတစ်ယောက်အဖြစ် သူ့ကို မြင်တွေ့ရစေတဲ့ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။Chow ရဲ့ ထုံးစံအတိုင်း ရယ်ရတဲ့ဟာသတွေ၊ မတော်မတဲ့ ဖြစ်ရပ်တွေကို လှလှပပ သေသေသပ်သပ် ထည့်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ဆိုရရင်လည်း မမှားပါဘူး။

(၅) Kung Fu Hustle (2004)

ဒီရုပ်ရှင်ဟာ ကျွန်တ်ာတို့ မြန်မာနိုင်ငံက လူတော်တော်များများ ကြည့်ဖူးကြမယ့် ရုပ်ရှင်ကားတစ်ကားဖြစ်မှာပါ။ ဟုတ်ပါတယ်။ Chow လို့ ပြောလိုက်ရင် Kung Fu Hustle ထဲက ဖြတ်ထိုးဥာဏ်ကောင်းကောင်းနဲ့ ကွန်ဖူးပညာရှင်တစ်ယောက်ကို သတိရမိကြမှာပါပဲ။Kung Fu Hustle မတိုင်မီက Chow ရဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ ရှေင်လင်ဘောလုံးလို့ ကျွန်တော်တို့ သိကြတဲ့ Shaolin Soccer ရုပ်ရှင်ပြီးနောက်မှာတော့ Kung Fu Hustle ထွက်ရှိလာခဲ့ပါတယ်။ ရှောင်လင်ဘောလုံး ရုပ်ရှင်ကားဟာလည်း Chow အတွက် အနုပညာအရရော၊ ဝင်ငွေအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပေမယ့် Kung Fu Hustle ဟာ ရှောင်လင်ဘောလုံးရဲ့ စံချိန်ကို ကောင်းကောင်းကြီးကျော်ဖြတ်သွားစေခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။

(၆)Forbidden City Cop (1996)

Forbidden City Cop ကတော့ Chow ရဲ့ တခြားရုပ်ရှင်တွေနဲ့ မတူ ကွဲထွက်နေတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ တကယ်တော့ ရုပ်ရှင်ထဲမှာ မရယ်ရတဲ့ ဟာသတွေ၊ အဓိပ္ပာယ်မဲ့တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ပါဝင်နေခဲ့ပေမယ့် စိတ်နှလုံးထိခိုက်စေမယ့် ဒရမ်မာအခန်းတွေကတော့ လုံးဝကို ကောင်းမွန်အောင် ရိုက်ကူးနိုင်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ Forbidden City Cop ထဲက ဇာတ်ကွက်တစ်ခုကိုတော့ မှတ်မိနေပါသေးတယ်။ Chow ကိုမင်းသမီးဖြစ်သူက ဘယ်တော့မှ သူ့ဆီပြန်မလာဖို့ မောင်းထုတ်လိုက်ချိန်မှာ Chow ဟာ လှည့်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို မင်းသမီးဆီ ပြေးလာပြီး မင်းသမီးကို ပြေးဖက်လိုက်တဲ့အခန်းပါ။ အဲဒီအခန်းကို ကြည့်နေရင်းနဲ့ Forbidden City Cop ဟာ ဟာသကားတစ်ကားဆိုတာကို မေ့လျော့သွားခဲ့ပြီး အချစ်ကားတစ်ကားလို့တောင် ထင်ခဲ့မိပါတယ်။

 

READ
ကိုယ့်အပြုံးတွေကိုချစ်ရဲ့လားလို့ ပရိသတ်တွေကို မေးလိုက်တဲ့ အေးသောင်း

Ye Yint Kyaw

SHARE