ကြည့်ရှုသူကို ပညာရစေတဲ့ ဘောလိဝုဒ် အတ္ထုပ္ပတ္တိ ဇာတ်ကား( ၅)ကား

Image:imdb

ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်တဲ့  ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ရဲ့ ဇာတ်ကားလေးတွေကို ညွှန်းပေးချင်ပါတယ်။စိတ်ကူးအချစ်၊ဒရမ်မာကား တွေကို ကြည့်ရတာ ငြီးငွေ့ လာပြီဆိုတဲ့ သူတွေ အတွက် ဘာလိဝုဒ် အတ္ထုပ္ပတ္တိ ဇာတ်ကားကောင်းလေးတွေကို  ကြည့်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။နာမည်ကြီး ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ဘ၀ ဇာတ်ကြောင်းကို ပြန်လည် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ မို့ ပျင်းစရာကောင်းတယ်လို့ ထင်ရင်တော့ မှားပါလိမ့်မယ်။ကြည့်တဲ့ သူကို ဇာတ်ကား စလယ်ဆုံး ၊နောက်ဆုံး ဇာတ်ကားပြီး သွားတဲ့ အချိန်ထိ ရင်ထဲ အသည်းထဲ ထိ ၀င်ပြီး နေရာယူထားနိုင်တဲ့ ဇာတ်ကားလေးတွေပါ။

Mary Kom

Mary Kom  ကတော့ မကြည့်မိလိုက်ရင် တစ်သက်လုံး နောင်တရ ရမယ့် ဇာတ်ကားတစ်ကား လို့ ကို ပြောလို့ရပါတယ်။ဒီဇာတ်ကားက ဖျော်ဖြေရေး သက်သက်အတွက် ရိုက်ထားတဲ့ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ကြည့်တဲ့ သူကို စိတ်ဓါတ်ခွန်အားတွေ ပေးနိုင်တဲ့  ပညာပေး လေးပါ ပါ တဲ့ ဇာတ်ကားမျိုးပါ။လုပ်ကြံ ဖန်တီးထားတဲ့ ဇာတ်ကား မဟုတ်ပါဘူး။အိန္ဒိယရဲ့ နာမည်ကြီး အမျိုးသမီးလက်ဝှေ့သမား Mary Kom ရဲ့ အ ကြောင်းကို  ဇာတ်ကား အဖြစ် ပုံဖော်ရိုက်ကူးထားတာပါ။Olympic  မှာ ကြေးတံဆိပ်၊  world champion ငါးကြိမ် ဖြစ်ခဲ့ဖူးတဲ့ Mary Kom   အဖြစ် Priyanka Chopra က သရုပ်ဆောင် ထားပါတယ်။

Padman

နောက်ထပ် ညွှန်းပေးချင်တဲ့ ဇာတ်ကားကတော့ Padman ပါ။အိန္ဒိယဟာ ဆိုရင်  အမျိုးသမီးတွေ ရာသီလာတဲ့ ကိစ္စအပေါ် ဘုန်းနိမ့်တယ်၊နိမ့်ကျတယ် ဆိုတဲ့ လွဲမှားတဲ့ အယူမျိုးတွေရှိခဲ့( တစ်ချို့ နေရာတွေမှာဆိုရင် အခုထိရှိနေစဲ) နိုင်ငံ တစ်နိုင်ငံပါ။ရာသီလာရင် တခြားမိသားစုဝင်တွေနဲ့ အတူ အိမ်ထဲမှာ မထားပဲ အပြင်ထုတ်ထားတဲ့ လွဲမှားတဲ့ အယူအဆ အမှားတွေကိုပါ ဒီဇာတ်ကားထဲမှာ ထည့်ရိုက်ပြထားပါတယ်။ ဇွဲ ရှိမယ်၊အဆက်မပြတ် ကြိုးစားနေမယ်ဆိုရင် အခွင့် အရေးနဲ့ အောင်မြင်မှုက ကိုယ့်ဆီရောက်လာမယ်ဆိုတာ ဒီဇာတ်ကားက သက်သေပြနေပါတယ်။Arunachalam Muruganantham (Padman)  ဆိုတဲ့ စွန့်ဦးတီထွင်သူ အမျိုးသားက  ဈေးသက်သာတဲ့ Pad(အမျိုးသမီးလစဉ်သုံးပစ္စည်း) ပြုလုပ်တဲ့ စက်ကို တီထွင်ခဲ့တဲ့ အ ကြောင်းလေးကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။

READ
Freddie Mercury ရဲ့ တွစ်တာအကောင့်ကနေ အသိမှတ်ပြုရတဲ့ထိဖြစ်ခဲ့တဲ့ Jin ရဲ့ အပြုအမူ

Neerja

နောက်ထပ် ရွေးပေးချင်တဲ့ ဇာတ်ကားကတော့ Neerja ဆိုတဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားက တော့ လေယာဉ်မယ်လေး တစ်ယောက်ရဲ့ အ ကြောင်းကို ရိုက်ပြထားတာပါ။(၁၉၈၆) ခုနှစ် စက်တင်ဘာ (၅)ရက်နေ့တုန်းက ပါကစ္စတန်နိုင်ငံ Karachi မှာ စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့  လေယာဉ်ပြန်ပေးဆွဲ ခဲ့ပါတယ်။ဒီဖြစ်ရပ်မှာ ခရီးသည်တွေ အတွက် အသက်ပေးခဲ့တဲ့ Neerja Bhanot ဆိုတဲ့ လေယာဉ်မယ်လေး အ ကြောင်းကို ရိုက်ပြထားတာပါ။သူမ ကွယ်လွန်ချိန်မှာတော့ အသက် (၂၂)နှစ်ပဲရှိပါသေးတယ်။အများအကျိုးကို ပေးဆပ်တတ်တဲ့ သူရဲ ကောင်းဆိုတာ သာမန်လူထက် ထူးခြားပြီး ဂျို ပေါက်နေတာမျိုး မဟုတ်ပါဘူး။ကိုယ်ကျိုးထက် သူများ အကျိုးကို တစ်ချက်ငဲ့ လိုက်တဲ့ အခိုက်အတန့် လေးမှာ လူတိုင်း သူရဲ ကောင်းတစ်ယောက် ဖြစ်သွားနိုင်တယ်ဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ။

 Dangal

Dangal  ကတော့ မကြည့်ဖူးတဲ့ သူမရှိလောက်တဲ့ ဘောလိဝုဒ်ဇာတ်ကားလေးပါ။တစ်ခါပြန်ကြည့်တိုင်း ဒီဇာတ်ကား ကနေ မတူညီတဲ့ Feeling မျိုးကို ပြန်ခံစားရတာကတော့ ဒီဇာတ်ကားရဲ့ ထူးခြားချက်ပါ။နာမည်ကြီး ပုဂ္ဂိုလ် တစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ဇာတ်ကား ရိုက်မယ် ဆိုရင် ကိုယ့်ကြောင့် အဲ့ဒီလူရဲ့ Image ကျ မသွားအောင် ရေကုန်ရေခန်း ကြိုးစားပုံဖော်တတ်တာလေးကတော့ အိန္ဒိယအနုပညာရှင်တွေရဲ့ တကယ့်ကို လေးစားဖို့ ကောင်းတဲ့ အချက်လေးပါ။ မင်းသား Aamir Khan က ဒီဇာတ်ကားမှာ မင်းသားအနေနဲ့ ရော ထုတ်လုပ်သူ အနေနဲ့ပါ တာဝန်ယူထားပါတယ်။ အိန္ဒိယရဲ့ နပန်းသမား Mahavir Singh Phogat ရဲ့  အကြောင်းကို ပုံဖော်ထားတာပါ။Aamir Khan ရဲ့  ကြိုးစားမှုကြောင့်  Mahavir ရဲ့ Image နဲ့ ဂုဏ်ကျက်သရေ က ပိုပြီးတောင် မြင့်တက်သွားခဲ့ပါတယ်။အဲ့လို ဖြစ် အောင်လဲ ဇာတ်ကားအတွက် တကယ့်ကို ကြိုးစားအားထုတ် ပေးခဲ့တာကိုတွေ့ရပါတယ်။

READ
ကမ္ဘာပြားကြောင်း ယုံကြည်သူတွေကို ထိထိမိမိ လှောင်ပြောင်ထားတဲ့ Meme များ

 Sanju

ဒီဇာတ်ကားကတော့ နိမ့်မြင့်တက်ကျ လောကဓံ တွေကို ဖြတ်သန်းခဲ့ရတဲ့ မင်းသားကြီး Sanjay Dutt ရဲ့ အ ကြောင်း ကို ရိုက်ပြထားတာပါ။သူများထက်ပိုပြီး ဘ၀စုံ၊လောကဓံရဲ့ ရိုက်ချက်တွေကို ကောင်းကောင်းကြီးခံခဲ့ရတဲ့ မင်းသား ကြီးရဲ့ အကြောင်းကို စိတ်ဝင်စားစရာ ကောင်းအောင် ရိုက်ပြထားတာပါ။မူးယစ်ဆေးစွဲ တာတွေ၊(၁၉၉၃) ခုနှစ် Bombay bombings (Mumbai မှာ ဗုံးဆက်တိုက် ပေါက်ကွဲမှု ၁၂ ခါ ဖြစ်) တဲ့ ကိစ္စနဲ့ ပတ်သက်ဆက်နွယ် တယ်ဆိုပြီး အဖမ်းခံရတဲ့ ကိစ္စတွေ၊ ဖခင်ဖြစ်သူနဲ့ သူ့နဲ့ ကြားက ဆက်ဆံရေး၊ထောင်ကျ တာတွေ၊အနုပညာ လောကထဲ ပြန်လာ တဲ့ အ ကြေင်းတွေ ဘ၀စုံ အဖြစ်အပျက်စုံကို ရိုက်ပြထားတာပါ။ဒီဇာတ်ကားကတော့ လူတစ်ယောက်ရဲ့ ဘ၀ကို ပုံဖော်ထားပြီး ကြည့်သူတိုင်းရဲ့ ရင်ထဲမှာ မက်ဆေ့ခ်ျ တစ်ခုမက ကျန်နေစေမယ့် ဇာတ်ကားလေးပါ။ ( မြန်မာမှာလည်း ဦးကျော်ဟိန်း၊မင်းသမီးကြီး ကြည်ကြည်ဌေး ..တို့လို နာမည်ကြီး အနုပညာရှင်တွေ အကြောင်းကို ဇာတ်ကား ပြန်ရိုက်ရင် ကောင်းမယ်..)

Ref:wikipedia

SHARE