Foundation ဟာ မိတ်ကပ်လိမ်းရာမှာ အခြေခံအကျဆုံးအဆင့်ပစ္စည်းဆိုရင်လည်း မမှားပါဘူး။ တချို့တွေက ထင်ကြတယ် foundation လိမ်းလို့ အသားအရေပျက်ဆီးမယ်ပေါ့။ ဒါဟာ မှားယွင်းတဲ့ယူဆမှုတစ်ခုကြီးပါ။ Foundation လိမ်းခြင်းဟာ အသားအရေကို ပျက်စီးတာမဟုတ်ဘဲ နေဒဏ်၊ လေဒဏ်စတဲ့ ပြင်ပပရောဂဒဏ်တွေကနေတောင် အကာအကွယ်လုပ်ပေးနေတဲ့ အဆင့်တစ်ခုပါ။ မယုံရင် နေရောင်ထဲ မျက်နှာပြာင်ထွက်ခြင်းနဲ့ foundation လိမ်းပြီး ထွက်တဲ့အနေအထားကို ယှဉ်ကြည့်နိုင်ပါတယ်နော်။
Foundation လိမ်းလို့ အသားအရေပျက်ဆီးတယ်ဆိုတာ ကိုယ့်ရဲ့ အသားအရေအမျိုးအသား၊ foundation ထဲ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုတွေ၊ သေချာ cleansing မလုပ်တာတွေကြောင့်သာလျှင် ပျက်ဆီးမှုတွေ ဖြစ်ပေါ်လာစေနိုင်တာဖြစ်ပါတယ်။ အကယ်၍ ကိုယ်က ကိုယ့်ရဲ့ skin type ကိုလည်း သိပ်မသိဘူး၊ ဘယ်လိုပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ဘူးလဲဆိုတာလည်း မရေရာဘူးဆိုရင်တော့ ဒီဆောင်းပါးလေးဟာ သင့်အတွက် သိပ်ကိုအသုံးဝင်စေမှာပါ။
၂၀၁၉ ခုနှစ်ထဲ လူကြိုက်များပြီး review ကောင်းတွေလည်း ရရှိထားတယ်၊ တကယ်သုံးကြည့်တဲ့အခါမှာလည်း အသားအရေအမျိုးအစား အကုန်လုံးနဲ့ကိုက်ညီမှုရှိနေတဲ့ foundation (၃) မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
(၁) Maybelline Fit Me! Matte + Poreless

မြန်မာငွေ ၂ သောင်းအောက်သာရှိပြီး Maybelline ကောင်တာတိုင်းမှာ လွယ်လင့်တကူ ဝယ်ယူလို့ရနေတဲ့ “Fit Me!” ပါ။ Maybelline ရဲ့ “Fit Me!” series မှာ foundation အနေနဲ့ Matte + Poreless နဲ့ Dwey + Smooth ဆိုပြီး ၂ မျိုး လာပါတယ်။ ဒါပေမဲ့လည်း Dwey + Smooth ကတော့ အဆီပြန်တဲ့သူနဲ့ ဝက်ခြံရှိတဲ့သူတွေအတွက် မသင့်လျော်ပါဘူး။ Matte + Poreless ကတော့ ဘယ်လို အသားအရေမျိုးနဲ့မဆို သင့်လျော်မှုရှိပြီး လိမ်းထားရင် ပေါ့ပေါ့ပါးပါးလေးဖြစ်စေမယ့် ခံစားမှုမျိုးကို ပေးစွမ်းမှာဖြစ်ပါတယ်။
အမာရွတ်နဲ့ချွေးပေါက်တွေကို ဖုံးပေးနိုင်မယ့် coverage level ကတော့ medium to full coverage လို့ဆိုရမှာပါပဲ။ ဘာကြောင့်လဲဆိုရင် build-up လုပ်ရင် လုပ်သလို coverage ကောင်းကောင်းရစေလို့ပါပဲ။ Matte ဆိုပေမယ့် အရမ်းခြောက်ခြောက်ကြီးလည်းဖြစ်မနေပါဘူး။ ဒီအပြင် ရွေးချယ်စရာအရောင်တွေကလည်း တခြား foundation တွေထက် အများကြီးရှိနေတဲ့အတွက် အဆင်ပြေစေမှာပါ။ Cleansing တော့ သေချာလုပ်ပေးဖို့ မမေ့ပါနဲ့နော်။
(၂) The Face Shop – Ink Lasting Foundation Slim Fit

Korea brand တစ်ခုဖြစ်တဲ့ The Face Shop နဲ့ မြန်မာမိန်းမပျိုလေးတွေ သိပ်စိမ်းလှမယ်မထင်ပါဘူး။ ၂၀၁၉ ခုနှစ်အတွက် ရွေးချယ်ပေးထားတဲ့ အကောင်းဆုံး foundation ၃ ခုစာရင်းထဲမှာ The Face Shop ရဲ့ “Ink Lasting Foundation Slim Fit” foundation လည်း ပါဝင်နေပါတယ်။ ဈေးနှုန်းကတော့ ၄၊ ၅ သောင်းလောက် ရှိလောက်ပါမယ်။ အဓိကသူ့ကိုကြိုက်တဲ့အချက်ကတော့ မိတ်ကပ်သားတက်လေ ထူထူပိန်းပိန်းကြီးဖြစ်လေမဟုတ်ဘဲ ပါးပါးလျားလျားလေးနဲ့ အသားအရည်ထဲ စိမ့်ဝင်နေတာကိုပါပဲ။
ဆိုလိုတာ မိတ်ကပ်သားပါးတယ်ပေါ့။ ပါးတဲ့အပြင်ကိုမှ Korean make up တွေပုံစံအတိုင်း ပြောင်ပြောင်လေးဖြစ်စေတာမလို့ glow effect ရစေပါတယ်။ အပြစ်အနာဆာမရှိတဲ့သူဆိုရင် pump ၂ စက်လောက်လိမ်းရင်တောင် တော်တော်လေး လှနေပါပြီ။ ဒါပေမဲ့ အမာရွတ်တွေ၊ ချွေးပေါက်တွေနဲ့ ဖုံးဖိစရာရှိနေတဲ့သူတွေအတွက်ကတော့ အဆင်မပြေလောက်ဘူးထင်မိတယ်။ သူက Light to Medium coverage ဖက်ပဲ သွားတာကိုး။
(၃) Estée Lauder Double Wear Stay-in-Place Makeup

Estée Lauder ကတော့ တခြား drug store foundation တွေထက်စာရင် ဈေးအနည်းငယ်ပိုမြင့်နေပါတယ်။ “Double Wear Stay-in-Place Makeup” ကတော့ နာမည်အတိုင်း လိမ်းထားပြီးရင် အချိန်တော်တော်ကြာသည်အထိ မိတ်ကပ်သားမရွေ့၊ မကွက်ဘဲရှိစေမှာမလို့ daily wear အနေနဲ့တင်မဟုတ်ဘဲ ပွဲနေပွဲထိုင်တွေအထိပါ အသုံးပြုနိုင်ပါတယ်။ အခုရွေးချယ်ပေးထားတဲ့ foundation (၃) မျိုးထဲမှာတောင် coverage အကောင်းဆုံး၊ တာရှည်အခံဆုံး foundation ဆိုလည်း မမှားပါဘူး။
မိတ်ကပ်သားကတော့ ပါးပါးလျားလျားမဟုတ်ဘဲ နည်းနည်းလေးတော့ မိတ်ကပ်သားတက်သယောင်ရှိနေပါတယ်။ ဒါပေမဲ့ လိမ်းရတာတော့ အသက်ရှုချောင်ချောင်ပါပဲ။ ရွေးချယ်စရာအရောင်တွေကတော့ ၄၀ ကျော်တောင်ရှိနေတဲ့အတွက် မြန်မာမိန်းကလေးအသားအရေနဲ့ဆိုရင် အဆင်ပြေစွာ အရောင်မှန်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၄၃ ဒေါ်လာဆိုတော့ မြန်မာငွေနဲ့ဆို ၆ သောင်းမှ ၇ သောင်းကြားရှိမှာပါ။
ဒီ foundation (၃) ခုလုံးကတော့ oily skin, combination နဲ့ dry skin အကုန်လုံးနဲ့ သင့်လျော်စေမယ့် foundation တွေပါ။ မြန်မာနိုင်ငံမှာလည်း ဝယ်ရလွယ်တယ်၊ ဈေးလည်းမဆိုးသာတဲ့အပြင် နာမည်ကြီး brand တွေချည်းဖြစ်တာမလို့ foundation အသစ်ဝယ်သုံးဖို့ စဉ်းစားနေမယ်ဆိုရင် ဒီသုံးမျိုးကို မေ့မနေနဲ့ဦးနော်။
Penny