သေခါနီး အခြေအနေမှာ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ပြီး ရှင်သန်ခဲ့တဲ့ သူတို့နှစ်ယောက်

Reddit

လူသားတွေရဲ့ ကံကြမ္မာဆိုတာ အင်မတန်ဆန်းကြယ်လွန်းတဲ့အရာဖြစ်ပြီး တစ်ခါတစ်ရံမှာ လုံးဝကို မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ အရာတွေလည်း ဖြစ်လာလေ့ရှိပါတယ်။ အခုအဖြစ်အပျက်ကတော့ အသက်ဆက်ရှင်ဖို့ ၂ ရာခိုင်နှုန်းသာ ရှိကြတဲ့ ကလေးနှစ်ယောက်ဟာ မယုံကြည်နိုင်လောက်အောင် နေပြန်ကောင်းလာခဲ့ပြီး အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြတဲ့ အဖြစ်အပျက်ပါ။

Odin Frost နဲ့ Jordon Granberry ဆိုတဲ့ ကလေးနှစ်ယောက်ဟာ ကျန်းမာရေးကောင်းမွန်စွာနဲ မွေးဖွားလာခဲ့ကြသူတွေမဟုတ်ပါဘူး။ ဆရာဝန်တွေကတော့ အဲဒီကလေးနှစ်ယောက်ဟာ လုံးဝကို အသက်ဆက်ရှင်သန်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါးလွန်းတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ကံဆိုးစွာနဲ့မွေးဖွားလာခဲ့တဲ့ သူတို့ ၂ ယောက်စလုံးကို လမ်းလည်း ဘယ်တော့မှ လျှောက်နိုင်မှာမဟုတ်တဲ့ အပြင် အမြဲတမ်း ဆေးကုသမှုတွေနဲ့သာ အသက်ဆက်ရှင်ရမယ်လို့ ပြောခဲ့ပါတယ်။

Reddit

အခုတော့ အဲဒီ ကလေးနှစ်ယောက်ဟာ ကံကောင်းစွာနဲ့ပဲ ဆိုးဝါးလှတဲ့ အခြေအနေတွေကနေ လွန်မြောက်လာခဲ့ပြီး အသက် ၁၈ နှစ်အထိတောင် ရောက်ရှိလာခဲ့ပါပြီ။ သူတို့အချင်းချင်းကလည်း  တစ်ယောက်နဲ့ တစ်ယောက် သိပ်ကို ရင်းနှီးကြတဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ အခုတော့ အထက်တန်းကျောင်းကို နှစ်ယောက်အတူတူ အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်သွားနိုင်တဲ့ ကျောင်းသားလေးတွေ ဖြစ်နေကြပါပြီ။  ဖခင်ဖြစ်သူတစ်ယောက်ကတော့ သူတို့လေးတွေရဲ့ ပထမဆုံး ကျောင်းစတက်တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ခဲ့ရာမှာ အင်တာနက်မှာ နာမည်ကျော်ကြားသွားခဲ့ပါတော့တယ်။

သူတို့နှစ်ယောက်ဟာ အသက် ၃ နှစ်အရွယ်မှာကတည်းက တစ်ယောက်နဲ့တစ်ယောက် စဆုံတွေ့ခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံးကလည်း ဆရာဝန်တွေက လုံးဝ လက်လျှော့ခြင်းကို ခံထားရတဲ့ လူတွေဖြစ်ပြီး အသက်ရှင်သန်နိုင်ခြေလုံးဝမရှိဘူးလို့ တောင် သတ်မှတ်ထားခြင်းခံခဲ့ရတဲ့သူတွေပါ။

Odin လေး ရဲ့ ဖခင်ဖြစ်သူကတော့  သူ့သား အခုလို အထက်တန်းအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားတဲ့ အပေါ်မှာ အလွန်အမင်းကို ဂုဏ်ယူနေပါတယ်။ Odin လေးဟာ ငယ်စဉ်အချိန်ကတည်းက ဦးနှောက်သွေးယိုစီးတဲ့ရောဂါကို ခံစားခဲ့ရပြီး ကျန်းမာရေးမကောင်းခဲ့ရှာသူပါ။ “လူတိုင်းက ကျွန်မကိုပြောတယ် – သားလေးဆုံးရှုံးဖို့အတွက် ကျွန်မ ကိုယ် ကျွန်မ ပြင်ဆင်ထားတဲ့”လို့ အိုဒင်လေးနဲ့ ပတ်သက်တာတွေကို သူ့ရဲ့ မိခင်ဖြစ်သူက ပြောခဲ့ပါတယ်။ 

Reddit

Jordon နဲ့ Odin တို့ရဲ့ ခင်မင်မှုကလည်း ချစ်စရာကောင်းနေပြန်ပါတယ်။ သူတို့နှစ်ယောက်ဟာ အမြဲတမ်းအတူတူ ရှိနေကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး သူတို့နှစ်ယောက်ကြားကို တစ်ယောက်ယောက်ဝင်လာပြန်ရင်လည်း မကြိုက်ပြန်ပါဘူး။ Jordon အနားနားကို တစ်ယောက်ယောက် ဝင်လာချိန်မှာဆိုရင် Odin က အရမ်းစိတ်ဆိုးတတ်ပြီး အမြဲတမ်း ကာကွယ်ပေးတဲ့ပုံစံကို ပြောင်းလဲသွားတတ်ပါသေးတယ်။

Reddit

Odin ရယ်ပြီဆိုရင်  Jordon ကလည်း လိုက်ရယ်လေ့ရှိကြပါသေးတယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ သာမန်လူတွေထက်ပိုတဲ့ သူငယ်ချင်းခင်မင်မှုမျိုးနဲ့ ခင်မင်ကြတာပါ။ Jordon လေးဟာ မိခင်ဝမ်းထဲမှာ ရှိကတည်းက နေမကောင်းခဲ့သူဖြစ်ပြီး ဦးနှောက်ထဲ အောက်ဆီဂျင်မရောက်မှုကြောင့် သေမလိုဖြစ်ခဲ့သူပါ။ မွေးကတည်းက ပါလာတဲ့ အဲဒီဒဏ်တွေကြောင့် ဦးနှောက်ယိုယွင်းမှုတွေဖြစ်လာခဲ့ပြီး သူလည်းပဲ လက်လွတ်လိုက်ရမယ့်အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။

အခုတော့ သူတို့နှစ်ယောက်စလုံးဟာ ဆရာဝန်တွေ မှားယွင်းသွားခဲ့တယ်လို့ သက်သေပြနိုင်ခဲ့ပါပြီ။ ဘယ်တော့မှ လမ်းမလျှောက်နိုင်တော့ဘူးလို့ တွက်ဆခဲ့တဲ့ Odin လေးဟာ အသက် ၅ နှစ်အရွယ်မှာပဲ စတင်လမ်းလျှောက်နိုင်ခဲ့ပြီး Jordon လေးကတော့ အသက် ၁၈ နှစ်မတိုင်ခင်မှာပဲ လမ်းစလျှောက်တတ်ခဲ့ကြပါတယ်။ အခုတော့ သူတို့နှစ်ယောက်ရဲ့မိဘတွေဟာ သူတို့သားလေးတွေအတွက် ဂုဏ်ယူနေကြပြီး သူတို့နှစ်ယောက် ပထမဆုံးတွေ့ဆုံစဉ် ရိုက်ကူးထားတဲ့အတိုင်း ဓါတ်ပုံ ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။

Ye Yint Kyaw

SHARE