သဘာဝ ဘေးအန္တရာယ်အကြောင်း ရိုက်ကူးထားတဲ့ အကောင်းဆုံး ရုပ်ရှင်ကား(၇)ကား

Crawl Tailer/YouTube

ဇူလိုင်လက ရုံတင်သွားခဲ့တဲ့ Crawl ရုပ်ရှင်ဟာ Horror ကားတွေပဲ အများဆုံးရိုက်ခဲ့တဲ့ ဒါရိုက်တာ Alexandre Aja ရဲ့ လက်ရာပါ။ Aja ဟာ Horror ရုပ်ရှင်တွေအပြင် ကြောက်မက်ဖွယ်သတ္တဝါဆိုးကြီးတွေနဲ့ လူတွေကြား ယှဉ်ပြိုင်မှုအကြောင်းကိုလည်း ရိုက်ကူးတတ်ပါသေးတယ်။

၂၀၁၀ ခုနှစ်ကလည်း အသားစားငါးတွေနဲ့လူသားတို့ တိုက်ခိုက်ကြတဲ့ အကြောင်းကိုလည်း Piranha 3D မှာ ရိုက်ကူးခဲ့ပြီး ကိုးနှစ်အကြာ ၂၀၁၉ ခုနှစ်မှာတော့ Crawl ကို ရိုက်ကူးခဲ့ပါတယ်။ Crawl မှာတော့ သဘာဝဘေးအန္တရာယ်ဖြစ်ပြီး လူနေတဲ့ မြို့ဆီရောက်ရှိလာတဲ့ မိချောင်းနဲ့ ရင်ဆိုင်ရတဲ့ အကြောင်းဖြစ်ပါတယ်။ တကယ်တော့ ဒီလို သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ကားတွေဟာ အောင်မြင်မှုသိပ်မရရှိကြပါဘူး။ ရုပ်ရှင်ရိုက်ကူးဖို့အတွက် ကုန်ကျစားရိတ်ဟာလည်း လုံလုံလောက်လောက်ရှိပါမှ ရုပ်ရှင်ဟာ အောင်မြင်လာမယ့် အခြေအနေပါ။

Crawl/imdb

အခုတစ်ခေါက်တော့ ထွက်ရှိခဲ့ပြီးသမျှ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတွေထဲက အကောင်းဆုံး ရုပ်ရှင်ကား ၇ ကားကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

(၇)The Hurricane Heist

ဟာရီကိန်းမုန်တိုင်းနဲ့ ရာဇဝတ်မှုအကြောင်း ရောနှောရိုက်ကူးထားတဲ့ The Hurricane Heist ဟာ သဘာဝဘေးအန္တရာယ်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေထဲမှာ အကောင်းဆုံးရုပ်ရှင်ကားတစ်ကားတော့မဟုတ်ခဲ့ပါဘူး။ ထွက်ရှိမလာခင်အချိန်မှာ မျှော်လင့်နေခဲ့တဲ့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။

Crawl ရုပ်ရှင်လိုမျိုး သိပ်တုန်လှုပ်စရာမကောင်းပေမယ့် သူ့နည်းနဲ့ သူဟန် အတန်အသင့် ရုပ်ရှင်ပါပဲ။ မသပ်ရပ်တဲ့ Special Effect တွေဟာ ရုပ်ရှင်ကို ဖျက်ဆီးခဲ့သလို ဖြစ်ခဲ့ပြီး ရာဇဝတ်မှုနဲ့ သဘာဝဘေးအန္တရာယ်ကို ရောနှော ရိုက်ကူးထားခြင်းကြောင့်လည်း ဇာတ်ညွှန်းမှာ အားနည်းနေခဲ့ပြီး ၂ခုစလုံးကို ပီပီပြင်ပြင် ရိုက်ကူးပြနိုင်ခြင်းမရှိပါဘူး။

(၆)The Wave

The Wave က မြင်တွေ့နေကျ သဘာဝဘေးအန္တရာယ်ရုပ်ရှင်ကားထဲက ခွဲထွက်လာတဲ့ရုပ်ရှင်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆိုတော့ သဘာဝဘေး ရုပ်ရှင်ကားအများစုဟာ ဟောလိဝုဒ်ထွက် ရုပ်ရှင်ကားတွေ အများစုဖြစ်ပြီး The Wave ကတော့ နော်ဝေနိုင်ငံက ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်လို့ပါပဲ။

၂၀၁၆ခုနှစ်မှာ ကျင်းပတဲ့ ၈၈ နှစ်မြောက်အကယ်ဒမီဆုပေးပွဲအတွက် အကောင်းဆုံးနိုင်ငံခြားဘာသာစကား ရုပ်ရှင်ဆုအတွက် အော်စကာဆုအတွက် စာရင်းဝင်ဖို့အတွက် စာရင်းပေးသွင်းတင်ရှိခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။

မုန်တိုင်းကြီးတစ်လုံး အပြင်းအထန်ဝင်လာချိန်မှာ မိဘမေတ္တာကို ပြသွားတဲ့အခန်းက ဒီရုပ်ရှင်ကို မှတ်မိနေစေမယ့် ရုပ်ရှင်အခန်းတစ်ခန်းလည်း ဖြစ်ပါတယ်။ရုပ်ရှင်ကားတစ်ကားလုံးကို စတူဒီယိုတစ်ခုထဲမှာပဲ အစ အဆုံး ရိုက်ကူးထားပေမယ့်လို့ မုန်တိုင်းဝင်လာတဲ့အချိန်မှာ ကမောက်ကမဖြစ်မှုတွေဟာ အပြင်မှာ တကယ်ဖြစ်နေရသလို ခံစားမိစေတဲ့ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ အဆက်ရုပ်ရှင်(Sequel)ဖြစ်တဲ့ The Quake ဟာ၂၀၁၈ြ သဂုတ်လမှာ ထွက်ရှိခဲ့ပါတယ်။

READ
IT Chapter Two အတွက် သင်မသိသေးတဲ့ ကြိုတင်ပြင်ဆင်မှုများ
(၅)The Day After Tomorrow

The Day After Tomorrow ကို ရိုက်တဲ့ ဒါရိုက်တာဖြစ်သူ Roland Emmerich က ဒီလိုကမ္ဘာပျက်ကားတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ အကြောင်းကို လှလှပပ သေသေသပ်သပ်နဲ့ ရိုက်ကူးနိုင်တဲ့ ဒါရိုက်တာတစ်ယောက်ပါ။ အာတိတ်ဒေသမှာ အမှတ်မထင် တွေ့ရှိခဲ့တဲ့ ရာသီဥတုထူးခြားဖြစ်စဉ်တစ်ခုကနေ စတင်ခဲ့ပြီး မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲပြင်အတိအဖြစ်စေခဲ့တဲ့ စိတ်ကူးယဉ်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ အခု The Day After Tomorrow ဟာလည်း သူ့ရဲ့ အကောင်းဆုံးလက်ရာတစ်ခုထဲမှာ ပါဝင်ပါတယ်။

CGI လို့ အတိုကောက်ခေါ်ဆိုကြတဲ့ Computer-generated imagery နည်းပညာတွေ မထွန်းကားသေးတဲ့ ကာလလည်းဖြစ်တာကြောင့် တချို့အခန်းတွေမှာ လစ်ဟာမှုတွေ၊ မပီပြင်မှုတွေ ရှိခဲ့ပေမယ့်လို့ သူ့ခေတ် သူ့အခါကတော့ တော်တော်လေးကို မိုက်တဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။

(၄)Sharknado

Sharknado ရဲ့ ဇာတ်လမ်းက Crawl နဲ့ တော်တော်ဆင်တူပါတယ်။ Crawl မှာတော့ မိချောင်းရဲ့ တိုက်ခိုက်မှုကို ခံရသလိုပဲ Sharknado မှာလည်း ငါးမန်းရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Sharknado ကတော့ တစ်ကားတည်းနဲ့တင် ပြီးမသွားဘဲ သူ့နောက်မှာ Sharknado 2: The Second One၊ Sharknado 3: Oh Hell No!၊ Sharknado: The 4th Awakens၊ Sharknado 5: Global Swarmingနဲ့ The Last Sharknado: It’s About Time ဆိုပြီး စုစုပေါင်း ၇ ကားရှိပါတယ်။အဆိုပါ ၇ ကားထဲမှာ တချို့ကားတွေကတော့ တော်တော်ဆိုးဆိုး ဝေဖန်မှုတွေကို ခံခဲ့ရတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

(၃)Into the Storm

Into the Storm ကတော့ လူတော်တော်များများ သိကြတဲ့ သဘာဝဘေးအန္တရာယ်အကြောင်းကို နောက်ခံပြုရိုက်ထားတဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်မှာပါ။ Into the Storm ရိုက်တဲ့ ဒါရိုက်တာ Steven Quale ဟာ Final Destination ရုပ်ရှင်တွေရဲ့ အဆုံးသတ်ရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Final Destination 5 ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။

READ
ကိုယ်တိုင် လူမည်းလို့ခံယူထားကြောင်း ပြောပြလိုက်တဲ့ မိုက်ကယ်ဂျက်ဆန်ရဲ့ သမီး

Into the Storm ကို မရိုက်ခင်မှာ ဒါရိုက်တာဟာ Final Destination 5 ကို ရိုက်ကူးခဲ့တာကြောင့် Final Destination 5ထဲမှာ အသုံးပြုခဲ့တဲ့ နည်းပညာနဲ့ အတွေ့အကြုံတွေကို Into the Storm ထဲမှာ ထည့်သွင်း ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။

Final Destination 5 ထဲမှာ အပျက်အစီးတွေ၊ သဘာဝဘေးဖောက်ပြန်မှုကို ရင်ဆိုင်ရတာတွေ ပါဝင်တဲ့အတွက်လည်း ဒါရိုက်တာ Steven Quale အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားခဲ့ပါတယ်။

ဒီရုပ်ရှင်မှာတော့ မုန်တိုင်းဝင်လာချိန်မှာ ရိုက်ကူးထားတဲ့ အခန်းတွေဆို တော်တော်လေးကို အသက်ဝင်လှပြီး တချို့အခန်းတွေဆို တကယ်မုန်တိုင်းတိုက်နေသလို ပီပြင်အောင် ပြင်ဆင်ထားတာကိုလည်း တွေ့ရပါတယ်။

(၂) The Impossible

သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတုဖောက်ပြန်မှုအကြောင်းအရာတွေကို နောက်ခံထားတဲ့ ရုပ်ရှင်တွေထဲမှာ ရေကြီးတာတွေ၊ မီးလောင်တာတွေ စတာတွေဖြစ်တော့ ဆူနာမီကို နောက်ခံထားတဲ့ ရုပ်ရှင်ကားတွေလည်း ရှိပါတယ်။ အဲဒီလို ဆူနာမီမုန်တိုင်းကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲမှာ ၂၀၁၂ က ထွက်ရှိခဲ့တဲ့ The Impossible က အကောင်းဆုံး ရုပ်ရှင်ကားဖြစ်ပါလိမ့်မယ်။

မိသားစုတစ်စု အားလပ်ရက်အပန်းဖြေခရီးထွက်လာရင်းနဲ့ ဆူနာမီမုန်တိုင်းနဲ့ ရင်ဆိုင်ရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားခြင်းလည်း ဖြစ်ပါတယ်။ အခု ကောင်မလေးတွေရဲ့ အသည်းစွဲနေတဲ့ ပင့်ကူလူသား သရုပ်ဆောင်ဖြစ်တဲ့ တွမ်ဟော်လန်ကိုလည်း ဒီ ရုပ်ရှင်ထဲမှာ ချာတိတ်ပုံစံနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

(၁) Hard Rain

Hard Rain ဟာ သဘာဝဘေးအန္တရာယ်တွေနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတွေကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေထဲမှာ အကောင်းဆုံး ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ အခုအချိန်မှာ CGI တွေဟာ ရုပ်ရှင်ရိုက်ကူးရေးအတွက် အများကြီးအထောက်အပံ့ဖြစ်လာခဲ့ပေမယ့် CGI Effect တွေ မထွန်းကားသေးချိန်မှာတောင် တချို့ ဇာတ်ဝင်ခန်းတွေဟာ အများကြီး ကောင်းမွန်လှပါတယ်။

မုန်တိုင်းဝင်နေချိန်မှာ ရာဇဝတ်မှုအခင်းအကျင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာကြောင့်လည်း သဘာဝဘေးအန္တရာယ်ရုပ်ရှင်ကားတစ်ကား ကြည့်နေရတာကိုမေ့သွားခဲ့ပြီး သာမန်အက်ရှင်ကားတစ်ကားလို့တောင် ထင်မြင်မိစေပါလိမ့်မယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေထဲမှာ ခေါင်းဆောင်မင်းသား Christian Slater ဖြစ်သူကတော့ ၁၉၉၀ ကျော် ကာလတုန်းက သျှမ်းသျှမ်းတောက်အောင်မြင်ခဲ့တဲ့ မင်းသားတစ်လက်ပါ။ နောက်တစ်ယောက်ကတော့ Morgan Freeman ပါပဲ။

Ye Yint Kyaw

SHARE