ချစ်သူကို ဖွင့်ပြောဖို့ အကောင်းဆုံးနည်းလမ်းများ

ချစ်သူကို ဖွင့်ပြောမယ်ဆိုရင် ပြောဖို့အကောင်းဆုံးအခြေအနေလေးတွေ၊ နေရာလေးတွေ ရှိပါတယ်။ ဒါ့အပြင် အောက်ပါ အချက်တွေကို ဖတ်ပြီး၊ ချက်ချင်း အကောင်ထည်ဖော်တာမျိုးမဟုတ်ဘဲ၊ သူ့အခြေအနေက ကိုယ်ဖွင့်ပြောရင် လက်ခံနိုင်လောက်တဲ့ အလားအလာမျိုးရှိတယ်ဆိုမှ ဖွင့်ပြောသင့်ပါတယ်။ Shwemom ပရိသတ်ကြီးအတွက် ချစ်သူကို ဖွင့်ပြောဖို့ အကောင်းဆုံးနည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်တိုင်ပြောပါ

ချစ်သူကို ဖွင့်ပြောတဲ့အခါမှာ လူကြုံပါးခြင်း၊ စာပေးခြင်း၊ မက်ဆေ့ပို့ခြင်းကိုတော့ ရှောင်သင့်ပါတယ်။ သစ္စာရှိတဲ့သူတွေအတွက်တော့ ဒီအချိန်ဟာ တစ်သက်တာမှ ရင်ခုန်စရာအကောင်းဆုံးအချိန်ပါ။ ဒါကြောင့် ကောင်မလေးကို ဖွင့်ပြောတော့မယ်ဆိုရင် ကိုယ်တိုင်ပြောပါ။ သူနဲ့ သင်တို့ရဲ့ ရင်ခုန်သံအမြင့်ဆုံးနဲ့ ထပ်တူအကျဆုံးအချိန်ကို ရွေးချယ်ပြီး ပြောပါ။

(၂) ပထမဆုံးတွေ့ဆုံခဲ့ရာနေရာ

ရည်စားစကား ပြောဖို့ အကောင်းဆုံးနေရာတွေထဲမှာတော့ ပထမဆုံး တွေ့ဆုံခဲ့ရာ နေရာက အကောင်းဆုံးလို့ ဆိုပါတယ်။ အဲဒီနေရာဟာ ပန်းကလေးတွေ ပွင့်ချင်မှ ပွင့်နေမယ်၊ ကျေးငှက်ကလေးတွေ တေးသီချင်မှ တေးသီနေမယ်၊ မိုးသားတွေက ပြာလဲ့ချင်မှ ပြာလဲ့နေမယ်၊ သင်တို့နှစ်ယောက်စလုံးအတွက်တော့ ပြန်ပြောဖို့ အကောင်းဆုံး အမှတ်တရ နေရာလေး ဖြစ်နေပါလိမ့်မယ်။ ဒီနေရာလေးမှာ တွေ့ကြတယ်၊ ဒီနေရာလေးမှာ ရင်းနီးချစ်စကား ပြောကြတယ် … စုံတွဲတော်တော်များများ ဒီလို ကြုံကြိုက်အောင် မလုပ်နိုင်ကြပါဘူး။

READ
တွဲနေပေမယ့်ဘယ်တော့မှ လက်ထပ်မှာမဟုတ်တဲ့ ပုရိသတွေရဲ့အကျင့်စရိုက်(၅)မျိုး

(၃) နေ့ထူးနေ့မြတ်တွေမှာ

နေ့ထူးနေ့မြတ်တွေက အများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာဆို သာလို့တောင် များပါသေးတယ်။ ဒီအထဲမှာ ချစ်သူများနေ့တို့၊ သင်္ကြန်နှစ်သစ်ကူးတို့ဆိုတာက သိပ်ကို လွတ်လပ်ပြီး ရိုမက်တစ်ဆန်တဲ့အချိန်တွေ ဖြစ်ပါတယ်။ အမှတ်တရတွေလည်း အများကြီး ဖန်တီးလို့ ရနိုင်တဲ့ နေ့တွေဖြစ်သလို၊ ချစ်သူက ချစ်သူဖြစ်တဲ့နေ့ မေးတဲ့အခါမျိုးမှာ ထွေးထွေးထူးထူး မှတ်နေစရာ မလိုတော့ဘူးလေ။

(၄) ခရီးထွက်တဲ့အခါ

တစ်ခါတလေ အဖွဲ့လိုက်စုံစုံညီညီ ခရီးထွက်တဲ့ အခါမျိုးမှာ သူရယ်ကိုယ်ရယ်အတွက်ကတော့ အချစ်ခရီးတစ်ခု ဖြစ်နေတတ်ပါတယ်။ လူတစ်ရာလောက်မှာ သူ့မျက်နှာတစ်ခုတည်း ကွက်မြင်နေတာမျိုးဟာ သိပ်ကို ကြည်နူးစရာကောင်းပါတယ်။ သူကလည်း ဘေးလူတွေကို သတိမထား၊ နှစ်ကိုယ်ကြားပြောဖို့ အခွင့်အရေးလေးတွေ ဖန်တီးပေတယ်ဆိုရင် ပြောစရာရှိတာ ပြောသာချလိုက်ပေတော့။

(၅) Surprise အမျိုးမျိုးနဲ့

အခြားနိုင်ငံတွေမှာတော့ Surprise လုပ်ပြီး ပရိုပိုစ်လုပ်တာမျိုးက သိပ်တော့ မထူးဆန်းတဲ့ ထူးဆန်းမှုတစ်ခုပါ။ အပေါင်းအသင်းတွေ ဘော်ဒါတွေနဲ့ တိုးတိုးတိတ်တိတ်တိုင်ပင်ပြီး၊ သူမ မမျှော်လင့်ထားတဲ့ အချိန်မျိုးမှာ သီချင်းဆိုပြီး နှင်းဆီပန်းအစရှိတဲ့ လက်ဆောင်ပေးပြီး ချစ်ခွင့်ပန်ခြင်း၊ လက်ထပ်လက်စွပ်ပေးခြင်း စတဲ့နည်းလမ်းတွေကလည်း ကောင်မလေးကို ပျော်ရွှင်ပြီး စိတ်လှုပ်ရှားမှုတွေ အပြည့်ပေးပါတယ်။ အမှတ်တရလည်း အကြီးကြီး ဖြစ်သွားစေပါတယ်။

READ
အနာဂတ်ခင်ပွန်းလောင်းကို တွေ့ထားပြီးပြီဆိုတာ သေချာစေတဲ့အချက်များ

နတ်စည်တော် (Shwemom)

SHARE