မင်္ဂလာပွဲကြေးကြီးလေလေ ကွာရှင်းနိုင်ခြေများလေလေ ဖြစ်ကြောင်း သိရ

Shutterstock/ Pavlo Melnyk

လေ့လာချက်တစ်ခုအရ ငွေကုန်ကြေးကျအများကြီးခံပြီး မင်္ဂလာပွဲပြုလုပ်တဲ့စုံတွဲတွေဟာ ခြိုးခြိုးခြံခြံနဲ့ မင်္ဂလာပွဲပြုလုပ်တဲ့ စုံတွဲတွေထက် ကွာရှင်းနိုင်ခြေပိုများတယ်လို့ harpersbazaar မဂ္ဂဇင်းက ကောက်ခံခဲ့တဲ့ စစ်တမ်းတစ်ခုအရ သိရပါတယ်။ ဒီလေ့လာချက်ကို ဘောဂဗေဒပရော်ဖက်ဆာတွေက အမေရိကန်မှာရှိတဲ့ လူပေါင်း(၃) ထောင်ကျော်တို့ရဲ့မင်္ဂလာပွဲတွေနဲ့ အိမ်ထောင်ရေးတွေကို လေ့လာအပြီးမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လေ့လာချက်အရတော့ မင်္ဂလာပွဲအတွက် ပိုအကုန်အကျခံလေလေ၊ ကွာရှင်းနိုင်ခြေပိုများလေလေ ဆိုပြီး တွေ့ရတာပါ။ ဒါ့အပြင် လက်ထပ်လက်စွပ်ရဲ့ တန်ဖိုးနဲ့ အိမ်ထောင်သက် သက်တမ်းဟာ ပြောင်းပြန်အချိုးကျနေတာကိုလည်း တွေ့ရပါတယ်။ လက်စွပ်က တန်ဖိုးကြီးလေလေ၊ ကွာရှင်းဖို့ ရာနှုန်းပိုများလေလေ ဆိုတာကိုလည်း တွေ့ရှိရကြောင်း ပညာရှင်တွေက ဆိုပါတယ်။

Shutterstock/KirylV

အလားတူပဲ မင်္ဂလာပွဲစရိတ်ကို အလွန်အကျွံသုံးပြီး ငွေအမြောက်အမြားအကုန်အကျခံပြုလုပ်တဲ့ အိမ်ထောင်တွေဟာ ကြာရှည်မမြဲဘူးလို့လည်း လေ့လာချက်က ဆိုပါတယ်။ ရှိတဲ့ငွေလေးကို ကျစ်ကျစ်ပါအောင် စုပြီး တန်ဖိုးသင့်မင်္ဂလာပွဲပဲ ဆင်နွှဲရတဲ့ စုံတွဲတွေကတော့ အိမ်ထောင်ရေးသာယာကြတဲ့အပြင် ပိုမိုပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ထူထောင်နိုင်ကြတယ်လို့လည်း သိရပါတယ်။

READ
သင်အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဒီလူ (၃)မျိုးကို ဘယ်တော့မှမမေ့ပါနဲ့

လေ့လာချက်အရ ဒေါ်လာ(၁) ထောင်အောက် မင်္ဂလာပွဲကျင်းပတဲ့စုံတွဲတွေနဲ့ ဒေါ်လာ(၂) သောင်းကျော် မင်္ဂလာပွဲကျင်းပတဲ့ စုံတွဲတွေကို နှိုင်းယှဉ်ကြည့်ရာမှာ ပိုပြီးငွေကုန်ကြေးကျခံတဲ့ စုံတွဲတွေမှာ ကွာရှင်းနိုင်ခြေ(၁.၆) ရာခိုင်နှုန်း မြင့်တက်နေတာကိုတွေ့ရပါတယ်။

Shutterstock/ Dmitry Sheremeta

ဒါပေမယ့် တစ်ခုရှိတာက အိမ်ထောင်ကွဲနိုင်ခြေရာခိုင်နှုန်းဟာ ဟန်းနီးမွန်းခရီး ကုန်ကျစရိတ်နဲ့တော့ လုံးလုံးမသက်ဆိုင်ဘူးလို့ သိရပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုမယ့်စုံတွဲတွေအနေနဲ့ မင်္ဂလာစရိတ်အတွက် အများကြီးအကုန်အကျခံမနေပဲ ကြည်နူးစရာကောင်းတဲ့ ဟန်းနီးမွန်းခရီးမှာသာ ကောင်းကောင်းအသုံးပြုကြဖို့ ဆာဗေးအရ ဖော်ပြလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE