သူဌေးကြီး ဘီလ်ဂိတ်က ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာ

Twitter/BillGates

မိုက်ခရိုဆော့ဖ်တည်ထောင်သူ ကမ္ဘာကျော်ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်ကို လူမှုကွန်ရက်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဖန်တီးသူအဖြစ် စွပ်စွဲလာခဲ့မှုအပေါ် သူဌေးကြီးကိုယ်တိုင်က ဖြေရှင်းချက်ထုတ်ပြီး ယတိပြတ်ငြင်းဆန်လိုက်ပါတယ်။ သူဌေးကြီးဟာ ကိုဗစ်ဆေးဖော်စပ်ဖို့ ဒေါ်လာသန်း(၃၀၀) လှူဒါန်းထားသူပါ။

သူဟာ ဒီလို မဟုတ်မမှန်စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်(၂၃)ရက် ကြာသပတေးနေ့က ဖြေရှင်းချက်တွေ ထုတ်ပြန်လိုက်ပါတယ်။ သူက “ဒါဟာ ကပ်ဆိုးကြီးနဲ့ ဆိုရှယ်မီဒီယာတွေရဲ့ မအပ်စပ်တဲ့ ပေါင်းစပ်မှုတစ်ခုပါ … လူတွေက အလွန်ရှင်းလင်းတဲ့ ရှင်းပြချက်တွေကို စောင့်မျှော်နေပါတယ် ”လို့ ပြောခဲ့ပါတယ်။

သူဌေးကြီးကို CNN က ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ရာ သူက အခုလို ဖြေရှင်းခဲ့တာပါ။ သုတေသနအဖွဲ့တစ်ခုရဲ့ စုံစမ်းဖော်ထုတ်မှုအရ ပြုပြင်ထားတဲ့ဓာတ်ပုံတွေ၊ သတင်းအချက်အလက် အတုတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ဘီလ်ဂိတ်က ဖန်တီးတယ်ဆိုပြီး ဖြန့်ဝေမှုတွေ ရှိနေရာ၊ အနည်းဆုံး (၁၆,၀၀၀)လောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

သူဌေးကြီးက “ ကျွန်တော်တို့ ဖောင်ဒေးရှင်းဟာ တစ်ခြားလုပ်ငန်းစုတွေထက်စာရင် လူသန်းပေါင်းများစွာကို ကယ်တင်ဖို့အတွက် ဆေးဝယ်ယူရေးအပိုင်းမှာ ပိုက်ဆံတွေ အမြောက်အများ လှူဒါန်းထားပါတယ် … ဒါကို ပြောင်းပြန်လှန်ပြီး ကျွန်တော်တို့က ဒီအခြေအနေကနေ ငွေရှာနေတယ် .. တစ်ခုခုကို တီထွင်ပြီး လူတွေကို သတ်ဖို့ ကြိုးစားနေတယ်ဆိုပြီး ဖြစ်သွားရော ”လို့ ညည်းတွားခဲ့ပါတယ်။

သူက ဆက်ပြီး “ အနီးစပ်ဆုံး အမှန်တရားကို ပြောရရင် ကျွန်တော်တို့ ဆေးဘက်လုပ်ငန်းတွေနဲ့ ဆက်စပ်နေပါတယ် … ဒါကို လူတချို့က သွားပုပ်လေလွင့် မလေးမစားလုပ်ပြီး ပြောနေကြတာပါ … ကျွန်တော် မျှော်လင့်တာက ဆေးဖော်ဖို့ ချီတုံချတုံ ဖြစ်မနေပါဘူး .. ဒီအတိုင်း ဆက်သွားမှာဖြစ်ပြီး … အဲဒီကနေ ကျွန်တော်တို့ ကောင်းကျိုးတွေ ရလာမှာပါ ”လို့ ပြောခဲ့ပါတယ်။

သူဌေးကြီး ဘီလ်ဂိတ်ဟာ Bill and Melinda Gates Foundation ကနေ ဆေးရှာဖို့အတွက် ဒေါ်လာသန်း(၃၀၀) လှူဒါန်းထားပါတယ်။ ဒီနည်းက ကိုဗစ်ကို ရပ်တန့်စေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တာကြောင့် ကိုဗစ်ကာလဦးအစကတည်းက အခြားလုပ်ငန်းစုတွေထက် စောလျှင်စွာ ဒီစီမံကိန်းကို စတင်ခဲ့တာဖြစ်ပါတယ်။

လင်းသူရိန်

SHARE