Bill Gates ဟာ Jeff Bezos ကို ကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဆိုတဲ့နေရာကို ပြီးခဲ့တဲ့ (၁၅.၁၁.၂၀၁၉)က အပိုင်သိမ်းလိုက်နိုင်ခဲ့ပါကြောင်း Bloomberg Billionaires Index စာရင်းအရ သိခဲ့ရပါတယ်။
ဒါဟာ Microsoft ရဲ့ ပူးတွဲတည်ထောင်သူ Bill Gates အနေနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့ နေရာကို ၂ နှစ်တာ ဗိုလ်စွဲဖူးခဲ့ပေမယ့်လို့ Amazon ရဲ့ တည်ထောင်သူ Jeff Bezos က ဝင်ရောက်နေရာယူခဲ့အပြီးမှာတော့ ဆင်းပေးလိုက်ခဲ့ရတာ အရင်အပတ်အထိပါပဲ။

Jeff Bezos အနေနဲ့ ပြီးခဲ့တဲ့ လတုန်းက သူ့ရဲ့လုပ်ငန်း Amazon ဟာ ဇူလိုင်၊ သြဂုတ်နဲ့စက်တင်ဘာ ၃ လအတွင်းမှာကို လုပ်ငန်းတန်ဖိုး ၂၈% လောက် ထိုးကျသွားခဲ့တယ်ဆိုပြီး ထုတ်ပြောလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ Bill Gates ရဲ့ လုပ်ငန်းတွေကတော့ ထိုးတက်လာခဲ့တာနဲ့ ကြုံခဲ့ရပါတယ်။ ယခု ၂၀၁၉ ခုနှစ်အတွင်းမှာကို ရှယ်ယာတန်ဖိုးဟာ ၄၈%အထိ မြင့်တက်လာခဲ့တာပါတဲ့။ ဒါကြောင့် Microsoft မှာ ရှယ်ယာရှင်အဖြစ်ရော chairman အဖြစ်ရော တာဝန်ယူထားခဲ့တဲ့ Bill Gates ရဲ့ ပိုင်ဆိုင်မှုတန်ကြေးဟာဆိုရင် ပြီးခဲ့တဲ့အပတ်အထိ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံတောင်ရှိသွားခဲ့ပါတော့တယ်။

ဒီလို လုပ်ငန်းပြိုင်ဆိုင်မှုတွေထဲ Jeff Bezos ရဲ့ Amazon ကို အထိနာစေခဲ့တဲ့ စာချုပ်တစ်ခုလည်းရှိနေပါသေးတယ်။ အဲဒါကတော့ Pentagon နဲ့ ကန်ဒေါ်လာ ၁၀ ဘီလီယံတန် cloud-computing စာချုပ်တစ်ခုပါ။ ဒါကို Amazon နဲ့ Microsoft တို့ အပြိုင်လိုက်ခဲ့ကြရာ Microsoft မှ ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီအပြင် Jeff Bezos ရဲ့ ပိုင်ဆိုင်မှုတွေကို နောက်ထပ် လျော့သွားစေခဲ့တဲ့ အကြောင်းရင်းတစ်ခုကတော့ Jeff Bezos ရဲ့ ဇနီးဟောင်းလို့ ဆိုရမှပါပဲ။ မနှစ်တုန်းက Jeff Bezos ဟာ ၂၅ နှစ်လောက် ပေါင်းသင်းခဲ့တဲ့ ဇနီးသည် MacKenzie နဲ့ကွာရှင်းခဲ့ပြီး Amazon လုပ်ငန်းရှယ်ယာတွေထဲက တချို့တစ်ဝက်ကို ခွဲဝေပေးခဲ့ရတာကြောင့် ပိုင်ဆိုင်မှုတန်ကြေးဟာဆိုရင် ၁၀၈.၇ ဘီလီယံသာ ရှိသွားခဲ့တော့တာပါ။
Penny