(၆) နှစ်အတွင်းမှာ ဟိုတယ်ပေါင်းသောင်းနဲ့ချီဖွင့်နိုင်ခဲ့တဲ့ သန်းကြွယ်သူဌေးလေး

instagram/riteshagar

သန်းကြွယ်သူဌေးကြီးအများစုက ဘယ်လိုအောက်ခြေကနေစတင်ခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်တဲ့အထိ အောင်မြင်အောင်လုပ်ခဲ့ကြသလဲဆိုတာ ဖတ်ဖူးကြမှာပါ။ အခုအခါမှာတော့ OYO ဟိုတယ်တည်ထောင်သူ ရီတက်ရှ်အာဂါဝါရဲ့အကြောင်းကို ကြားရမှာပါ။ ရီတက်ရှ်က မွေးကတည်းက ငွေဇွန်းကိုက်မွေးလာတာ မဟုတ်ပါဘူး။

သူဟာ အိန္ဒိယ အိုဒီရှာမြောက်ပိုင်းမှာရှိတဲ့ ဈေးဆိုင်လေးတစ်ဆိုင်တည်ထားတဲ့ မိသားစုကနေကြီးပြင်းလာတာဖြစ်ပါတယ်။ သူ့အသက် (၁၃) နှစ် (၂၀၁၁) ခုနှစ်မှာ ရီတက်ရှ်က ဆင်းမ်ကတ်တွေကိုလိုက်လံရောင်းချတဲ့ အလုပ်လုပ်ပါတယ်။ နောက်တော့ ဒေလီကိုပြောင်းပြီး ဟိုမှာကောလိပ်ဆက်တက်ပါတယ်။ (၂) နှစ်ကြာပြီးတဲ့အခါမှာတော့ ရီတက်ရှ်က သူဟာပညာရေးနဲ့ အကျိုးမပေးဘူးဆိုပြီး ကျောင်းထွက်လိုက်ပါတယ်။ ကျောင်းထွက်ပြီးတဲ့နောက်မှ ယုံကြည်မှုတစ်ခုထဲနဲ့ စီးပွားရေးလောကထဲခြေစုံပစ်ဝင်ခဲ့ကာ ယနေ့လက်ရှိနေရာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

 

ရီတက်ရှ်ရဲ့ OYO (On Your Own) ဟိုတယ်တွေကို စပြီးတည်ထောင်ရတဲ့ ရည်ရွယ်ချက်က တော်တော်လေးရိုးရှင်းပါတယ်။ သူဟာ ဟိုတယ်လေးတစ်ခုကို စပြီး အကူအညီပေးခဲ့ရာကနေ ဟိုတယ်လုပ်ငန်းမှာ စိတ်ဝင်စားလာခဲ့တာပါ။ သူတို့နားက ဟိုတယ်ဟာ အလုပ်သိပ်မဖြစ်ပါဘူး။ ဒါကြောင့် ရီတက်ရှ်ဟာ ပိုင်ရှင်နဲ့တွေ့ပြီး ဟိုတယ်မှာ ဘာအပြောင်းအလဲတွေလုပ်နိုင်တယ်ဆိုတာ ပြောပြပါတယ်။ ဟိုတယ်ရဲ့ဓာတ်ပုံတွေဘာတွေလည်း အွန်လိုင်းပေါ် သူကတင်ပေးပါတယ်။ သိပ်မကြာခင်မှာတော့ ဟိုတယ်ဟာ လူတွေနဲ့အပြည့်ဖြစ်နေတဲ့ စီးပွားရေးကောင်းတဲ့ ဟိုတယ်တစ်လုံး ဖြစ်သွားပါတယ်။

READ
အွန်လိုင်းမှာ ရေပန်းစားနေတဲ့ အိမ်မှာ အလွယ်တကူ ပဲပင်ပေါက်ဖောက်နည်း

ရီတက်ရှ်က ဒါကိုတွေ့တော့ စိတ်ကူးရပြီး (၂၀၁၃) ခုနှစ် မေလမှာ Oravel အမည်ရတဲ့ တန်ဖိုးနည်းဟိုတယ်ကို စတင်တည်ထောင်ခဲ့ပါတယ်။ သူက ၀က်ဆိုက်ဒ်တစ်ခုလုပ်ပြီး ဟိုတယ်ခန်းတွေကို အွန်လိုင်းပေါ်တင်ပါတယ်။ (၂၀၁၆) အရောက်မှာတော့ ရီတက်ရှ်က Oravel ကိုနာမည်ပြောင်းပြီး OYO လို့ပြောင်းလဲအမည် ပေးခဲ့ပြန်ပါတယ်။

 

ထိုမှတဆင့် လအနည်းငယ်အတွင်းမှာတင် သူဟာ နောက်ထပ်ဟိုတယ်နှစ်လုံးထပ်ဖွင့်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ရီတက်ရှ်ဟာ မြို့ပေါင်း (၈၀၀) မှာ ၀န်ထမ်း (၂၀,၀၀၀) နဲ့ ဟိုတယ် (၄၃,၀၀၀) ကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ရှိတဲ့ အိုင်ဒီယာလေးလေးနည်းနည်းကို အခြေပြုပြီး (၆) နှစ်အတွင်း ဒီလောက်ကြီးကျယ်လာအောင် စွမ်းဆောင်နိုင်တဲ့ ရီတက်ရှ်ကတော့ လေးစားအားကျဖွယ် လူငယ်လေးဖြစ်ကြောင်း worldofbuzz ကနေဖော်ပြပေးလိုက်ပါတယ်။

READ
ဒီလိုအကျင့်တွေရှိတတ်တဲ့သူငယ်ချင်းမျိုးပိုင်ဆိုင်ထားရရင် လက်မလွှတ်ပါနဲ့

လင်းလင်း (ShweMom)

SHARE