Miss တွေအပေါ်မှာထားတဲ့ ဆံကေသာအစွဲကို ချွတ်နိုင်ခဲ့တဲ့ အမေရိကန်အလှမယ်လေး 

သဘာဝအတိုင်း ကွေးကောက်နေတဲ့ ဆံပင်စတိုင်နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ လူမည်းမော်ဒယ်မလေးတစ်ယောက်ဟာ အမေရိကန်ရဲ့ ပထမဆုံးလူမည်း ဆယ်ကျော်သက်မစ္စစ်တစ်ယောက်အဖြစ် သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပါပြီ။ သူမဟာ ကွန်နက်တီးကက်ပြည်နယ်ကဖြစ်ပြီး နာမည်ကတော့ ကာလိန်းဂါးရစ်စ်ဆိုသူပါ။ ကာလိန်းက အသက်(၁၈) နှစ်ပဲ ရှိပါသေးတယ်။ သူမဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညနေတုန်းက ကျင်းပခဲ့တဲ့ အမေရိကန် Miss Teen ပြိုင်ပွဲမှာ ၀င်ရောက်ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ကာလိန်းက တစ်ဆင့်ပြီး တစ်ဆင့် အရွေးချယ်ခံခဲ့ရာကနေ နောက်ဆုံးမှာတော့ ပထမဆုကြီးကို ဆွတ်ခူးသွားခဲ့တာပါ။

Miss Universe Organization

Refinery29 နဲ့ အင်တာဗျူးတဲ့အထဲမှာတော့ ကာလိန်းက သူမအတွက် အမေရိကန် Miss Teen ဆိုတဲ့ ဆုကြီးဟာ အဓိပ္ပါယ်ရှိလှကြောင်း ဆိုပါတယ်။ အထူးသဖြင့် သူမဟာ မိန်းကလေးအများစုရဲ့ အလှအပ စံသတ်မှတ်ချက်လို ဖြောင့်စင်းထား၊ ပြုပြင်ထားတဲ့ ဆံပင်တွေနဲ့ ဆုရခဲ့တာမဟုတ်ပဲ သဘာဝဆံပင်နဲ့ အလှမယ်ဘွဲ့ကို ဆွတ်ခူးနိုင်တဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိကြောင်း ဆိုထားတာပါ။

READ
ရှုံးရှုံး/နိုင်နိုင် ထုံးစံတော့ လုံးဝအပျက်မခံခဲ့တဲ့ ဂျပန်အသင်းနဲ့ ပရိသတ်များ
Miss Universe Organization

လွန်ခဲ့တဲ့ အနှစ်(၂၀) လောက်တုန်းကလည်း သဘာဝဆံပင်အကောက်နဲ့ပဲ Miss Teen USA သရဖူကို ဆွတ်ခူးခဲ့တဲ့ လူမည်းအမျိုးသမီးတစ်ယောက် ရှိခဲ့သေးတယ်လို့ သိရပါတယ်။ ကာလိန်းဟာ ပြိုင်ပွဲဝင်မပြိုင်ခင်မှာ သူမရဲ့ သဘာဝဆံပင်ကောက်တွေနဲ့ ပတ်သက်လို့ ဝေဖန်မှုအမျိုးမျိုးကို ကြုံတွေ့ခဲ့ရပါသေးတယ်။ လူအချို့က ကာလိန်းကို သူမဟာ ဆံပင်အဖြောင့်နဲ့ လိုက်ကြောင်း၊ တကယ်လို့ ဆံပင်ဖြောင့်လို့ တိုနေတယ်ဆိုရင် ဆံပင်ထပ်ဆက်သင့်ကြောင်း၊ သဘာဝဆံပင်ကောက်ကြီးနဲ့ ၀င်ပြိုင်ရင် အဆင့်မှီမယ်မထင်ကြောင်း စသဖြင့် ဝေဖန်ခဲ့ကြတာပါ။

Instagram

ဒါပေမယ့်လည်း ကာလိန်းဟာ ကိုယ့်အလှကိုယ် လက်ခံပြီး သူမရဲ့ ဆံပင်ကို ဖြောင့်တာ၊ ဆံပင်ဆက်တာတွေမလုပ်တော့ပဲ  ပြိုင်ပွဲမှာ ဂုဏ်ယူစွာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မ အမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မစ္စစ်ဝင်မရွေးခင် ကွန်နက်နီးကပ်ပြည်နယ် အလှမယ်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်မကို ကောင်မလေးတွေက စိတ်ပျက်တဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ အဓိကက ဆံပင်ကြောင့်ပေါ့။ အဲဒီကောင်မလေးတွေရဲ့ ခေါင်းထဲမှာ ဘာစွဲနေသလဲဆိုရင် အလှမယ်ဆိုတာ ဆံပင်ဖြောင့်ဖြောင့်စင်းစင်းလေး ဖြစ်နေရမယ်ဆိုတဲ့ အယူအဆ ၀င်နေတယ်…” လို့ ကာလိန်းက ပြောပြပါတယ်။

READ
မဖြစ်နိုင်ဘူးဆိုတာမရှိကြောင်း သက်သေပြနေတဲ့ လက်မပါတဲ့ ဆံသဆရာလေး
Miss Universe Organization

ကာလိန်းရဲ့ ဆံပင်အပေါ်မှာထားတဲ့ တန်ဖိုးနဲ့ ကိုယ့်ရဲ့ သဘာဝအတိုင်း ရှိနေတဲ့ ဟန်ပန်ကို လက်ခံလိုစိတ်တို့က အွန်လိုင်းပေါ်မှာတော့ လူတိုင်းရဲ့ ချီးမွမ်းစရာ ဖြစ်လို့နေပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးရဲ့ အလှမယ်ဘွဲ့နဲ့ ထိုက်တန်သူပါလို့ ဆိုသူက ဆိုနေသလို ဆံပင်ကောက်ကောက်လေးပေါ်မှာ ဆောင်းထားတဲ့ သရဖူကို အခုမှပဲ မြင်ဖူးတော့တယ်လို့  ကာလိန်းကို ကျီစယ်နေကြသူတွေလည်း ရှိနေကြောင်း သိရပါတယ်။

instagram

လင်းလင်း (ShweMom)

Ref: Dailymail, people

SHARE