မျက်စိအလင်း ကွယ်နေသူတွေအဖို့ မျက်မမြင်တစ်ဦးတီထွင်ထားတဲ့ Smart Cane

instagram/wewalkio

ယနေ့ခေတ်မှာ ကုန်ပစ္စည်းတော်တော်များများကို နည်းပညာအသစ်အသစ်တွေနဲ့ ပြန်လည်တီထွင်ဆန်းသစ်ကြပါတယ်။ တီထွင်မှုတွေထဲမှာလည်း အမျိုးမျိုးရှိနိုင်ပါတယ်။ တချို့ကတော့ ဖျော်ဖြေရေးသက်သက်အတွက်သာ တီထွင်ကြပြီး တချို့ကတော့ လူသားတွေ ပိုအဆင်ပြေသက်သာစေဖို့ တီထွင်ကြပါတယ်။

instagram/wewalkio

မကြာသေးခင်ကတော့ စမတ်တုတ်တစ်မျိုးကို WeWalk ကုမ္ပဏီက တီထွင်ခဲ့ကြောင်း boredpanda ကနေ သိရပါတယ်။ စမတ်လက်ကိုင်တုတ်ရဲ့ လုပ်ဆောင်ပုံကတော့ ရိုးရှင်းပါတယ်။ အမြင်အာရုံချို့ယွင်းချက်ရှိသူတွေ ဟာ ဒီစမတ်တုတ်ရဲ့ အကူအညီနဲ့ မိမိဘေးပတ်ဝန်းကျင်မှာ ဘာတွေရှိသလဲဆိုတာ ချက်ခြင်းသိရှိနိုင်မယ့်အပြင် အပြင်သွားလာရာမှာလည်း သူများအကူအညီယူစရာမလိုပဲ လွတ်လပ်စွာ သွားလာနို်င်မှာ ဖြစ်ပါတယ်။

instagram/wewalkio

ဒီစမတ်တုတ်ကို တီထွင်သူကတော့ မျက်စိအလင်းကွယ်နေတဲ့ အင်ဂျင်နီယာ ကာဆတ်ဆေလန်ဆိုသူပါ။ ကာဆတ်ဟာ WeWalk ရဲ့နောက်ကွယ်မှာရှိတဲ့ ကုသိုလ်ဖြစ်အဖွဲ့အစည်း Young Guru Academy (YGA) ရဲ့ စီးအီးအိုနဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။ ကိုယ်တိုင်က မျက်လုံးမမြင်တာကြောင့် ကာဆတ်ဟာ သူ့လိုမျိုး အမြင်အာရုံချို့ယွင်းသူတွေသာ ခံစားရတဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် သူဆည်းပူးလေ့လာထားတဲ့ အင်ဂျင်နီယာပညာရပ်ကို အသုံးချပြီး မျက်မမြင်တွေအတွက် အရမ်းကို အဆင်ပြေအသုံးတည့်စေမယ့် ပစ္စည်းကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
သူငယ်ချင်းရဲ့ ဓာတ်ပုံအပေါ်မှာ ရုပ်ပြောင်ရေးဆွဲနိုင်မယ့် Instagram ရဲ့ version အသစ်

ကာဆတ်က “ဥပမာ မျက်မမြင်တစ်ယောက်အနေနဲ့ ကျွန်တော်အပြင်သွားတဲ့အခါ ဘူတာက ဘယ်မှာ၊ ထွက်ပေါက်က ဘယ်မှာ ဆိုတာ မသိရဘူးလေ။ ကိုယ့်ဘေးနားမှာ ဘာတွေရှိတယ်ဆိုတာ မမြင်ရဘူး။ ဒီလိုအချက်အလက်တွေကို WeWalk ကတော့ ပေးနိုင်ပါလိမ့်မယ်… ” လို့ ဆိုပါတယ်။ အဆိုပါ စမတ်တုတ်မှာတော့ စပီကာ၊ voice assistant ၊ Google နဲ့ sensor တွေပါ ပါဝင်တာကြောင့် ကိုယ့်ရှေ့မှာ ထိမိခိုက်မိစေမယ့် အတားအဆီးတွေရှိရင် ကိုယ့်ကို သတိပေးမှာဖြစ်ပြီး ၄င်းစမတ်တုတ်တစ်ချောင်းကိုတော့ ကျသင့်ငွေ ဒေါ်လာ(၅၀၀) ၀န်းကျင် ရှိတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE