သွေးအလှူရှင်တွေအတွက် ပြုလုပ်လေ့ရှိတဲ့ ဆွီဒင်နိုင်ငံက ချစ်စရာ ဓလေ့တစ်ခု

မကြာသေးခင် ဆွီဒင်နိုင်ငံမှာ သွေးလှူမှု တိုးမြင့်လာအောင် အားပေးဖို့အတွက် ဒစ်ဂျစ်တယ် မီဒီယာတွေက တစ်ဆင့် လူအများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ အစီအစဉ်လေးတွေ ပြုလုပ်လာလျက်ရှိပါတယ်။ သွေးအလှူရှင်တွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြဖို့နဲ့ ကိုယ့်ပြုခဲ့တဲ့ အလှူက သူတစ်ပါးအတွက် ဘယ်လို အကျိုးဖြစ်သွားလဲဆိုတာ အလှူရှင်တွေကို သတိတရ ပြန်အသိပေးဖို့ အစီအစဉ်လေးပါ။ သွေးအလှူရှင်တွေကို မက်ဆေ့ခ်ျပြန်ပို့တာ ဖြစ်ပါတယ်။

Pixabay

ဆွီဒင်နိုင်ငံမှာ အမျိုးသားသွေးလှူဌာနကို သွေးလှူလိုက်ပြီဆိုရင် ဖုန်းထဲကို Thank You ဆိုတဲ့ မက်ဆေ့ခ်ျလေး ပြန်အပို့ခံရပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိမိရဲ့ သွေးကို လိုအပ်သူ တစ်ဦးဦးဆီ သွင်းလိုက်ပြီဆိုရင် မိမိရဲ့ သွေးအလှူ အထမြောက်သွားပြီ ဆိုတဲ့အကြောင်း အကြောင်းကြားစာ ထပ်ပို့ပါတယ်။ အဆိုပါ အစီအစဉ်လေးကို စတော့ခ်ဟုမ်းမြို့ အခြေစိုက် Blodcentralen သွေးအလှူဝန်ဆောင်မှုဌာနမှ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ်လေးကို လူအများ သဘောကျခဲ့ကြတာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အဆိုပါ အစီအစဉ်ကို ပြုလုပ်လာကြပါတယ်။

READ
လူကိုသေစေနိုင်သော အဆိပ်အပြင်းဆုံးမြွေ(၈)မျိုး

“သင့်ရဲ့ သွေးကြောင့် တစ်စုံတစ်ယောက်ရဲ့ ဘဝကို ကယ်တင်လိုက် နိုင်ပြီဆိုတာကို ပြန်သိရတာ တကယ်ကို ပီတိဖြစ်စရာကောင်းတဲ့ ခံစားချက်ပါ” လို့ စတော့ခ်ဟုမ်းသွေးဌာနရဲ့ မန်နေဂျာ Blom Wiberg က ပြောခဲ့ပါတယ်။ သူက ဆက်ပြီး “သွေးအလှူရှင်တွေရဲ့ အလှူဒါနဟာလည်း ပိုပြီး အဓိပ္ပာယ်ရှိသလို ဖြစ်သွားကြတဲ့အတွက် အလှူရှင်တွေ နောက်တစ်ခါ ထပ်လာလှူတဲ့ အကြိမ်အရေအတွက်လည်း ပိုတိုးလာစေပါတယ်” လို့ ပြောခဲ့ပါတယ်။

Pixabay

သွေးပြတ်လပ်မှု မရှိစေဖို့ ဆွီဒင်အာဏာပိုင်တွေက အစွမ်းကုန် ကြိုးစားလျက်ရှိပြီး သွေးဘဏ်မှာ ရနိုင်တဲ့ သွေးပမာဏကိုလည်း နိုင်ငံသားတွေ ကိုယ်တိုင် ဝင်ရောက် ကြည့်ရှုနိုင်ဖို့ ဝက်ဘ်ဆိုဒ်မှာလည်း ပြထားလျက်ရှိပါတယ်။ ဝက်ဘ်ဆိုဒ်မှာ သွေးပမာဏ လျော့လာတာကို တွေ့ပြီဆိုရင်လည်း အလှူရှင်တွေကို အွန်လိုင်းပေါ်ကနေ ချက်ချင်းအသိပေးလို့ ရအောင်လည်း စီစဉ်ထားပါတယ်။

ဆွီဒင်နိုင်ငံရဲ့ အခုလို သွေးအလှူအတွက် ဒစ်ဂျစ်တယ်စနစ်ကို အသုံးပြုလာမှုဟာ သွေးအလှူရှင် လိုအပ်နေတဲ့ အခြားနိုင်ငံများစွာ အတွက်လည်း စံနမူနာယူစရာတစ်ခု ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

READ
မန်ကျည်းသီးနဲ့ သန့်ရှင်းသွားအောင် တိုက်ချွတ်လို့ရတဲ့ အိမ်သုံးပစ္စည်းများ

Ref: IFL Science

SHARE