သွေးစစ်ခြင်းကနေတစ်ဆင့် အယ်လ်ဇိုင်းမားရောဂါကို အနှစ်(၂၀)စောပြီး ခြေရာခံနိုင်တော့မည်

Washington University School Of Medicine

အယ်လ်ဇိုင်းမားရောဂါဆိုတာ ပျမ်းမျှအားဖြင့် အသက်(၆၅)နှစ်ကနေ (၆၅)နှစ်ထက်ပိုတဲ့ အသက်အရွယ်တွေမှာ အဖြစ်များပါတယ်။ ခြွင်းချက်တွေလည်း ရှိပြီး ဒီအရွယ်မတိုင်ခင်မှာ ဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ အလွယ်ပြောရရင် အသက်ကြီးလာတဲ့အခါ ဦးနှောက်ဆဲလ်တွေ ကြွက်သားတွေ ပုံမှန်အလုပ်မလုပ်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းခြင်း စတဲ့အခြေအနေတွေကို ဖြစ်စေတာပါ။

အခု သွေးစစ်ခြင်းကနေတစ်ဆင့် အယ်လ်ဇိုင်းမားရောဂါကို အနှစ်(၂၀)လောက်စောပြီး ခြေရာခံနိုင်တော့မှာလို့ Metro သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ အခု စမ်းသပ်စစ်ဆေးနေတဲ့ သွေးစစ်နမူနာလုပ်ငန်းက (၁၀၀)%အထိ စိတ်ချယုံကြည်ရတဲ့အတွက်၊ လူသားထုအနေနဲ့ အလွန်အရေးပါတဲ့ တွေ့ရှိမှုပါဘဲ။

www.who.com

သိပ္ပံပညာရှင်တွေရဲ့အဆိုအရ လူရဲ့သွေးထဲမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးဟာ ဦးနှောက်ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီး၊ အဲဒီပရိုတိန်းဓာတ်ကို အယ်လ်ဇိုင်းမားမတိုင်မီ အနှစ်(၂၀)ထက်ပိုစောပြီး သွေးစနစ်ထဲမှာ တွေ့ရနိုင်တယ်လို့ သိရပါတယ်။

အဲဒီပရိုတိန်းဓာတ်နာမည်ကတော့ P-tau217 ဖြစ်ပြီး၊ အလွန်သေးငယ်တဲ့အဆင့်ကနေ ဦးနှောက်သွေးကြောငယ်လေးတွေအတွင်းကို စိမ့်ဝင်ကာ အနှောက်အယှက် ပေးပါတယ်။ ဒီဓာတ်ပမာဏ သွေးထဲမှာ ပါဝင်မှုများပြားလေ နောင်တစ်ချိန်မှာ သေချာပေါက် အယ်လ်ဇိုင်းမားဖြစ်ဖို့ (၈၉)%ကနေ (၉၈)%အထိ သေချာလေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာစမ်းသပ်မှုကို အမေရိကန် အရီဇိုးနား၊ ကိုလံဘီယာ၊ ဆွီဒင် အစရှိတဲ့နေရာတွေမှ လူပေါင်း (၁၄၀၀)လောက်ကို အခြေတည်ခဲ့တာပါ။ သူတို့ဟာ မှတ်ဉာဏ်ချို့ယွင်းမှု၊ အပေါ့စား မှတ်ဉာဏ်ချို့ယွင်းမှုနဲ့၊ အယ်လ်ဇိုင်းမားအပြင်၊ အခြားအာရုံကြောရောဂါနဲ့ဆိုင်တဲ့ အနေအထားတွေ ကင်းရှင်းကြသူတွေဖြစ်ပါတယ်။

ဒီသုတေသနကို ဆွီဒင်နိုင်ငံ၊ Lund University မှ ပါမောက္ခ ဒေါက်တာ Oskar Hansson က ဦးဆောင်ခဲ့တာဖြစ်ပြီး၊ P-tau217 ပရိုတိန်းဓာတ်ကိုကြည့်ခြင်းအားဖြင့် အယ်လ်ဇိုင်းမားနဲ့ အခြားဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတွေကို ကွဲကွဲပြားပြား ခွဲခြားလို့ရတယ်လို့ သူက ပြောပါတယ်။

Twitter/JAMA

လက်တလောမှာတော့ ဦးနှောက်ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေကို သိရှိနိုင်ဖို့ Spinal Tap လို့ခေါ်တဲ့ စစ်ဆေးမှုကို သုံးနေရပါတယ်။ အဆိုပါစစ်ဆေးမှုမှာတော့ Spinal fluid ကို အဓိက စစ်ဆေးတာဖြစ်ပြီး၊ အယ်လ်ဇိုင်းမားမတိုင်မီ အခြေအနေတွေကို လေ့လာသုံးသပ်တာပါ။ ဒါပေမယ့် ကာလအားဖြင့် အလွန်နီးကပ်မှ သိတာမို့ နစ်နာမှုတွေ များစေပါတယ်။

အမေရိကန်သုတေသီတွေရဲ့ စစ်ဆေးတွေ့ရှိမှုမှာတော့ အယ်လ်ဇိုင်းမားမစတင်မီ ဦးနှောက်နဲ့ ကြောရိုးမအတွင်းက ရိုးတွင်းချဉ်ဆီမှာ P-tau217 ပရိုတိန်းဓာတ်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဆိုပါပရိုတိန်းဓာတ်ဟာ cerebrospinal fluid လို့ခေါ်တဲ့ အရောင်မဲ့အရည်အတွင်းမှာ ပျော်ဝင်ခိုအောင်းနေတတ်ပါသတဲ့။ တွေ့တဲ့ပမာဏများလေ ရောဂါဖြစ်တန်ခြေကို တိုင်းတာရတာ လွယ်လေလို့ သိရပါတယ်။

Wikimedia Commons

St Louis မြို့ Washington University School of Medicine တက္ကသိုလ်မှ ပညာရှင်တွေကတော့ (၄)မီလီရှိတဲ့ p-tau217 နဲ့ အခြား Tau ပမာဏတွေကိုတိုင်းတာဖို့အတွက် Mass spectrometry အခြေခံတဲ့ တိုင်းတာရေးစနစ်ကို တီထွင်ခဲ့ပါတယ်။ ဒီစနစ်ကြောင့် တွက်ချက်တဲ့အပိုင်းမှာ ပိုလွယ်လာခဲ့သလို၊ မှန်ကန်တဲ့ရာခိုင်နှုန်းကလည်း စိတ်ချရတဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။

တစ်နေ့နေ့မှာ သွေးစစ်မှုကနေ အယ်လ်ဇိုင်းမားကိုသာမက သွေးတွင်း ကိုလက်စထရောဓာတ် မြင့်မားလွန်းတဲ့လူတွေရဲ့ လာမယ့် ဆိုးကျိုးတွေကိုပါ ကြိုတင်စစ်ဆေးနိုင်တော့မှာပါ။ University of Exeter Medical School Clive Ballard မှ ပါမောက္ခရဲ့အဆိုအရ ဒီအခြေအနေရဖို့ ငါးနှစ်လောက်တော့ ကြာလိမ့်ဦးမယ်လို့ ပြောပါတယ်။

လင်းသူရိန်

SHARE