နာမည်ကျော် Rocker ကြီး ဘွန်ဂျိုဗွီဖွင့်ထားတဲ့ အခမဲ့ စားသောက်ဆိုင်

YouTube/CBS NEWS

ရော့ခ်ကာကြီးဘွန်ဂျိုဗီ (Bon Jovi)ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံက ရော့ခ်ဂီတချစ်သူတွေအတွက် မသိတဲ့ ရော့ခ်ကာဘိုးအေကြီးတစ်ယောက်ပါ။ ဒါပေမယ့် ရော့ခ်ကာကြီးဟာ သီချင်းလည်းဆိုတဲ့ အပြင် ပရဟိတလည်း လုပ်ပါသတဲ့။ ဘွန်ဂျိုဗီဟာ Jon Bon Jovi Soul ဖောင်ဒေးရှင်းကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး အိမ်ခြေရာမဲ့တွေနဲ့ ဆင်းရဲတဲ့ လူတွေကို ကူညီဖို့ ဖွင့်လှစ်ခဲ့ခြင်းပါ။ Jon Bon Jovi Soul ဖောင်ဒေးရှင်းရဲ့ အလုပ်တစ်ခုကတော့ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားခြင်းပါပဲ။ အဲဒီစားသောက်ဆိုင်လေးရဲ့ ပုံစံကတော့ farm-to-table ဖြစ်ပြီး အသီးအနှံတွေကို စိုက်ပျိုးထားပြီး အဲဒီ စိုက်ခင်းထဲကနေ အစားအသောက်တွေကို ပြုလုပ်ပေးတဲ့ စားသောက်ဆိုင်လေးပါ။ ရော့ခ်ကာကြီးဟာ ပြင်းထန်တဲ့ ရော့ခ်သီချင်းတွေကို စူးစူးနင့်နင့်ဆိုတဲ့ အပြင် စိတ်ကူးလည်း ကောင်းလှသူပါ။

YouTube/CBS NEWS

အဲဒီ ဘွန်ဂျိုဗီဖွင့်ထားတဲ့ စားသောက်ဆိုင်လေးက အခမဲ့ စားသောက်လို့ရပါတယ်။ ဒါပေမယ့် အခမဲ့တော့ မဟုတ်ပါဘူး။ ရှုပ်သွားပြီလား။ ရှင်းပြပါရစေ။ တကယ်လို့ တစ်စုံတစ်ယောက်က အဲဒီ စားသောက်ဆိုင်မှာ သွားပြီး စားမယ်ဆိုရင် ဆိုင်ကလူတွေက ဒေါ်လာ ၂၀ တောင်းပါလိမ့်မယ်။ အဲဒီ ဒေါ်လာ ၂၀ ဟာ အလှူအတွက်ဖြစ်ပါတယ်။ တကယ်လို့ ဒေါ်လာ ၂၀ မပေးနိုင်ဘူးဆိုရင်တော့ အဲဒီဆိုင်လေးအတွက် လိုအပ်တဲ့ အလုပ်တွေကို ကူညီပြီး မိမိစားခဲ့သမျှကို ပေးချေလို့ရပါသတဲ့။ ပန်းကန်တွေကို ဆေးကြောတာက အစ၊ စိုက်ခင်းထဲက အသီးအနှံတွေကို သွားခူးတာတို့ပေါ။ ဒီလို နည်းလေးဟာ တကယ်တော့ မိုက်ပါတယ်။ လွယ်လွယ်ကူကူနဲ့ စားလို့မရတော့ဘဲ အလုပ်တစ်ခုကို ပေးလိုက်တဲ့ သဘောပါ။ အဲဒီအလုပ်ကလည်း စားသောက်ဆိုင်လေးအတွက် အလုပ်ဖြစ်တာကြောင့် ကိုယ်ကျိုးစီးပွားမဖြစ်တော့ဘဲ နောက်လူတွေအတွက် အချင်းချင်း ပြန်ကူညီတဲ့ သဘောသက်ရောက်ပါတယ်။

ဆိုင်လေးထဲမှာ ရရှိမယ့် Menu မှာ ဘယ်ဟာက ဘယ်ဈေးဆိုပြီး တံဆိပ်ကပ်မထားတာက အဲဒီဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုပါ။ အဆိုပါ စားသောက်ဆိုင်လေးရဲ့ Website မှာ ပြထားတဲ့ စာရင်းတွေအရ အဲဒီဆိုင်လေးမှာ အစားအသောက် အမျိုးအစားပေါင်း ၁၀၅,၈၉၃ အထိ ရရှိနိုင်ပြီး ၅၄ ရာခိုင်နှုန်းလောက်က အလှူငွေထည့်မှ စားသောက်လို့ရနိုင်မှာဖြစ်ပြီး ကျန်တဲ့ ၄၆ ရာခိုင်နှုန်းလောက်က ဆိုင်လေးအတွက် ဗော်လံတီယာလုပ်ပေးပြီး စားသောက်လို့ရနိုင်ပါတယ်။

အဲဒီဆိုင်လေးဟာ ကိုယ်ပိုင်စိုက်ခင်းနဲ့ ကိုယ် ချက်ပြုတ်နေတဲ့ စားသောက်ဆိုင်ဖြစ်တာကြောင့် အသီးအရွက်တွေဟာ လတ်လတ်ဆတ်ဆတ်စားသောက်နိုင်မှာဖြစ်ပြီး အော်ဂဲနစ်အသီးအနှံစစ်စစ်တွေကိုသာ ရရှိမှာပါ။

သန်းနဲ့ချီတဲ့ အခွေပေါင်း ရောင်းခဲ့ရပြီး သန်းနဲ့ချီတဲ့ ပရိသတ်ကို ပိုင်ဆိုင်ထားတဲ့ ဘွန်ဂျိုဗီကတော့ “ကောင်းမြတ်ခြင်းတွေကို ရှာဖွေပါ။ ပြီးတော့ ကောင်းမြတ်ခြင်းတွေကိုပဲ လုပ်ပါ”လို့ ဆိုခဲ့ကြောင်း CBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Ye Yint Kyaw

SHARE