မဖွယ်မရာစကားအသုံးအနှုန်းနဲ့ ပါလီမန်ကို ဂယက်ထစေခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်

Twitter/BorisJohnson

ဒီတစ်ပတ်ထဲမှာ ကျင်းပခဲ့တဲ့ ဗြိတိန်ရဲ့ ပါလီမန်အစည်းအဝေးကတော့ ဝေဖန်မှုပေါင်းများစွာနဲ့ ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဗြိတိန်ရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ ဘောရစ်ဂျွန်ဆင်ဟာ လွှတ်တော်မှာ မဖွယ်မရာစကားကို သုံးနှုန်းခဲ့တယ်ဆိုပြီး ပါလီမန်အဖွဲ့ဝင်တွေကြား ဂယက်ရိုက်နေခဲ့တာ ဖြစ်ကြောင်း Unilad သတင်းအရ သိရပါတယ်။

မကြာသေးခင်ကမှ ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဂျွန်ဆင် ဟာ ဗုဒ္ဓဟူးနေ့တိုင်း ကျင်းပမြဲဖြစ်တဲ့ အောက်လွှတ်တော်အစည်းအဝေးကို တက်ရောက်လာခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ၀န်ကြီးချုပ်ဟာ ပါလီမန်အဖွဲ့ဝင်တွေက မေးမြန်းတဲ့ မေးခွန်းတွေကို ဖြေကြားရတာ ဖြစ်ပြီး Prime Minister’s Questions (PMQs) အစည်းအဝေးလို့လည်း ခေါ်ကြပါတယ်။  ၀န်ကြီးချုပ်ဂျွန်ဆင်အတွက်တော့ ယခုအကြိမ်ဟာ သူဝန်ကြီးချုပ်အဖြစ်နဲ့တာဝန်ယူပြီး ပထမဆုံးဖြေရှင်းရတဲ့ PMQs လည်း ဖြစ်ပါတယ်။

အစည်းအဝေးထဲမှာတော့ ဂျွန်ဆင်က အတိုက်အခံအလုပ်သမားပါတီခေါင်းဆောင်ရဲ့ စီးပွားရေးစီမံကိန်းတွေကို အသုံးမ၀င်တဲ့ အလကားဟာတွေ “shit or bust” ဆိုပြီး ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။ ဂျွန်ဆင်ဟာ အတိုက်အခံ အလုပ်သမားပါတီခေါင်းဆောင် ဂျယ်ရမီကော်ဘင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမရှိဘူးလို့ ယူဆရပါတယ်။ ဂျယ်ရမီကော်ဘင်းက ၀န်ကြီးချုပ်သစ်ရဲ့အစိုးရစီမံကိန်း စာရွက်စာတမ်းတွေကို ပွင့်လင်းမြင်သာမှုရှိအောင် ပါလီမန်မှာ ဖော်ပြဖို့ တောင်းဆိုရာက ဂျွန်ဆင်က လက်မခံတာကြောင့် တစ်ဖက်နဲ့တစ်ဖက် အမြင်မကြည်ခဲ့ကြတာပါ။ ဒါ့အပြင် ဂျယ်ရမီက ၀န်ကြီးချုပ်သစ်ဟာ လုံးဝပွင့်လင်းမြင်သာမှုမရှိပဲ ပါလီမန်က စောင့်ကြည့်တာကိုလည်း လိုလားပုံမရဘူးဆိုပြီး သူ့အမြင်ကို ဖော်ပြခဲ့တာကြောင့် အခြေအနေတွေဟာ တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

READ
သမီးကို အိပ်ဆေးခပ်ပြီး ကားထဲမှာထည့်ကာ မီးရှို့သတ်ပစ်ခဲ့သည့် မိခင်အရင်း

ဗြိတိန်ပါလီမန်မှာတော့ အခုလို shit ဆိုတဲ့ မဖွယ်မရာ အသုံးအနှုန်းကို ဂျွန်ဆင်မတိုင်ခင် ဘယ်ဝန်ကြီးချုပ်ကမှ သုံးနှုန်းဖူးတာမျိုး မရှိပါဘူး။ အစည်းအဝေးမှာ ရိုင်းပြတဲ့အသုံးအနှုန်းကို သုံးခဲ့တဲ့အပေါ် ၀န်ကြီးချုပ်ဂျွန်ဆင်ကို မေးမြန်းတဲ့အခါမှာတော့ သူက ဒါဟာ သူပြောချင်လို့ ပြောတဲ့စကားမဟုတ်ကြောင်းနဲ့ (၂၀၁၈) တုန်းက အလုပ်သမားပါတီ ပညာရေးဘက်ဆိုင်ရာ အဖွဲ့ဝင်တစ်ဦးက ပြောခဲ့တဲ့ စကားကို ပြန်လည်ရည်ညွန်းခြင်းသာ ဖြစ်တယ်ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE