တရားဝင် မွေးစားခံရတဲ့နေ့မှာ မူကြိုကသူငယ်ချင်းအားလုံးကို ဖိတ်ကြားခဲ့တဲ့ ကလေးငယ်

YouTube/InsideEdition

အသက်(၅)နှစ်အရွယ် ကလေးတစ်ယောက်ဟာ သူ့ကို မိဘအသစ်တွေက တရားဝင် မွေးစားတဲ့နေ့မှာ မူကြိုက သူငယ်ချင်းတွေကို ဝမ်းသာအားရ ဖိတ်ကြားခဲ့ပါတယ်။ အမွေစားအမွေခံ ကြားနာမှုကို တရားရုံးမှာ တရားဝင် အပြီးသတ်ခဲ့တာ ဖြစ်ပြီး၊ ကလေးတွေဟာ တရားရုံးမှာ တရုန်းရုန်းပါဘဲ။

ကလေးရဲ့နာမည်ကတော့ Michael Orlando Clarke Jr. ဖြစ်ပြီး၊ မီချီဂန်ဇာတိပါ။ သူ့ကို မိဘအသစ်တွေက တရားဝင်မွေးစားမှုကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က Kent County Court မှာ အပြီးသတ်ကြားနာကာ တရားဝင်မွေးစားခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

YouTube/ABC

တရားခွင်မှတ်တမ်း ဓာတ်ပုံတွေကို တရားရုံးရဲ့တရားဝင် Facebook Page မှာ ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး၊ ကမ္ဘာတစ်ဝှမ်းက လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ မုဒိတာတရားတွေကို ရရှိခဲ့ပါတယ်။ ကလေးတွေဟာ တရားခွင်က လူကြီးထိုင်ခုံတွေမှာ သူငယ်ချင်းကို ဝန်းရံအားပေးခဲ့ပါတယ်။ ကျောင်းသားမိဘတစ်ချို့လည်း ပါဝင်ပါတယ်။

သူတို့လက်ထဲမှာ အသည်းပုံလေးတွေကိုလည်း ကိုင်ထားကြပါတယ်။ အမိန့်စီရင်ချက် အပြီးသတ်ကိုလည်း မွေးစားခံ Michael Orlando ကိုယ်တိုင်က တူထုပြီးအတည်ပြုခဲ့တာပါ။ ကလေးတွေအားလုံးကလည်း မိဘတွေရှိသွားပြီဖြစ်တဲ့ သူငယ်ချင်းကို ဝိုင်းပြီး ကောင်းချီးသြဘာပေးခဲ့ပါတယ်။

ကလေး (၃၇)ယောက်အထိ ဒီပွဲကို တက်ရောက်ခဲ့တာပါ။ တရားရေးကိစ္စများ ပြီးတော့ ကလေးတွေနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ခဲ့ကြပါသေးတယ်။ Michael ရဲ့ ဆရာမတစ်ဦးက “ ကျွန်မတို့က ကျောင်းဖွင့်တဲ့နှစ်ကစပြီး မိသားစုဝင်တွေအဖြစ် စတင်ခဲ့တာပါ .. မိသားစုဝင်ဆိုတာ DNA မလိုပါဘူး .. တစ်ယောက်နဲ့တစ်ယောက် မေတ္တာတွေ .. အားပေးထောက်ပံ့မှုတွေသာ လိုပါတယ် ”လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို

SHARE