၇ နှစ်ဆိုတဲ့အရွယ်လေးဟာ လူမမယ်ကလေးလေးအရွယ်သာရှိနေသေးပေမယ့်လည်း Tennessee က ချာတိတ်လေးကတော့ အိမ်မီးလောင်တဲ့အထဲကနေ ညီမလေးကို အသက်စွန့်ပြီး ကယ်တင်ခဲ့ပါတယ်တဲ့။ ဒီအကြောင်းကိုတော့ CNN ကနေ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက Tennessee မှာရှိနေတဲ့ New Tazewell မြို့လေးက အိမ်တစ်အိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ညကြီးမင်းကြီးအချိန်ပေါ့။ စလောင်ခဲ့တဲ့ Chris နဲ့ Nicole Davidson တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ သားသမီး ၃ ယောက်နဲ့ ညစာစားအပြီး ကလေးတွေကို အိပ်ယာထဲမှာတောင် သိပ်ပြီးနေခဲ့ပါပြီ။ အချိန်ကတော့ ၈ နာရီခွဲခန့်ရှိလို့နေခဲ့ပါတယ်။

နောက်တော့ သူတို့ဇနီးမောင်နှံနှစ်ယောက်လည်း အိပ်မောကျသွားခဲ့ပါတယ်တဲ့။ ဘယ်လောက်မှမကြာဘူး၊ Nicole တစ်ယောက် အိပ်ယာကနေ မွှန်ထူနေတဲ့ မီးခိုးနံ့ကြောင့် ရုတ်တရက်လန့်နိုးလာခဲ့ပါတယ်။ အခန်းအပြင်ဖက်ကိုထွက်လည်းကြည့်ရော မီးတောက်တွေကို ထိတ်လန့်စွာတွေ့ခဲ့ရပါတယ်။
အကြီးကလေးနှစ်ယောက်ကတော့ သူတို့ဟာသူတို့သွားတတ်၊ လာတတ်တဲ့အရွယ်ရှိနေပြီဖြစ်တဲ့အတွက် မိဘတွေနဲ့အတူတ အိမ်ပြင်ကိုရောက်သွားပေမယ့်လည်း အသက် ၂၂ လသာရှိသေးတဲ့ ကလေးမလေး Erin ကတော့ သူမရဲ့ အိပ်ခန်းထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့ပါတယ်တဲ့။ မီးခိုးတွေလည်း မွှန်ထူနေပြီးတော့ အခန်းအဝမှာလည်း မီးတောက်တွေနဲ့မလို့ ဘယ်လိုမှကို အထဲကိုဝင်ကယ်လို့မရခဲ့တာပါ။

အိမ်ကိုပတ်ပြီး Erin လေးရဲ့ အခန်းပြူတင်းပေါက်ကနေတစ်ဆင့် Erin လေးကို ကယ်ထုတ်မယ်လုပ်တော့လည်း လူကြီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုမှမဆန့်တဲ့အတွက် အခက်တွေ့သွားခဲ့ပါတယ်။ နောက်တော့ ၇ နှစ်သားလေး Eli ကို မိဘတွေအနေနဲ့ စိုးရိမ်ပေမယ့် အကူအညီတောင်းရပါတော့တယ်။ ညီမလေးကို သွားချီပြီး ပြန်မလာမလားပေါ့။
ဒါကို Eli လေးကလည်း ချက်ချင်းပဲ ခေါင်းငြိမ့်ပြီးတော့ သူ့ရဲ့ညီမလေးကို အလျှင်အမြန်ပဲ ချီပြီးတော့ ကယ်ထုတ်လာခဲ့ပါတယ်။ အခန်းကတော့ မီးစွဲမနေလို့တော်သေးတာပေါ့။ ဖခင်ဖြစ်သူကတော့ Eli ရဲ့လုပ်ရပ်ဟာ သာမန်အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်တောင် စွန့်စားဖို့ မဖြစ်နိုင်တဲ့လုပ်ရပ်တစ်ခုဖြစ်ပြီး ဒီလိုလုပ်ခဲ့တဲ့အတွက်လည်း သားဖြစ်သူကို ဂုဏ်ယူလို့မဆုံးပါဘူးတဲ့လေ။ တကယ်တော့ Eli နဲ့ ဒုတိယမြောက်ကလေးဖြစ်တဲ့ Elijah (၂ နှစ်) တို့ဟာ Chris နဲ့ Nicole တို့ရဲ့ မွေးစားသားလေးတွေဖြစ်ပြီးတော့ Eli လေးကမှ တကယ့်သမီးအရင်းပါတဲ့။


အိမ်ကိုတော့ မီးသတ်သမား အယောက် ၂၀ ယောက်က ဝိုင်းငြိမ်းသက်ခဲ့ရပါတယ်။ မနက်ဝေလီဝေလင်းမှ မီးငြိမ်းခဲ့ကာ တစ်အိမ်လုံးကတော့ ပြာကျနေခဲ့ပါပြီ။ သူရဲကောင်းလေး Eli ကတော့ “သား ကြောက်ပေမယ့်လည်း ညီမလေးကိုမှ မသေစေချင်တာ” ဆိုပြီး CNN ကို ပြောလာခဲ့ပါတယ်။
penny