ရုပ်ရှင်ထဲကလို အကျဉ်းသား(၇၅)ဦး ဥမင်လိုဏ်ခေါင်းတူးပြီး ထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွား

YouTube/FoxNews

နာမည်ကျော် ပါရာဂွေးရာဇဝတ်ဂိုဏ်းတစ်ခုဖြစ်တဲ့ Primeiro Comando da Capital (PCC) ဂိုဏ်းမှ အကျဉ်းသား(၇၅)ဦးတို့ဟာ ရုပ်ရှင်ထဲကလိုပဲ အကျင်းထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။ အခင်းဖြစ်ခဲ့ရာ အကျဉ်းထောင်ကတော့ ပါရာဂွေးနိုင်ငံ၊ Pedro Juan Caballero အကျဉ်းထောင်မှာ ဖြစ်ပါတယ်။

PCC ဂိုဏ်းဟာ ပါရာဂွေးနိုင်ငံမှာတော့ အကြီးမားဆုံး ရာဇဝတ်ဂိုဏ်းကြီးဖြစ်ပြီး၊ (၂၀၁၂) ဘရားဇီးအစိုးရက ထုတ်ပြန်ချက်တွေအရ ထိုစဉ်တုန်းကပင် ဂိုဏ်းသား (၂၀၀၀၀)အထိ ရှိကြောင်း သိရပြီး၊ (၆၀၀၀)ကတော့ အကျဉ်းကျခံနေရတယ်လို့ သိရပါတယ်။ အခု ထောင်ဖောက်ပြေးမှုကို The Shawshank Redemption ဇာတ်ကားထဲက မင်းသားရဲ့စွန့်စားခန်းနဲ့ မီဒီယာတွေက နှိုင်းယှဉ်နေကြပါတယ်။

PARAGUAY’S ABC COLOR

Pedro Juan Caballero အကျဉ်းထောင်မှ အာဏာပိုင်တွေဟာ နောက်မှ အကျဉ်းသားတွေ လွတ်မြောက်သွားတဲ့ ဥမင်ကို တွေ့ခဲ့ရတာဖြစ်ပြီး၊ ယခင်ကတည်းက ထောင်အာဏာပိုင်တွေ မရိပ်မိစေဖို့ ဂရုတစိုက် ခိုးကြောင်ခိုးဝှက် တူးထားတဲ့ ဥမင်ဖြစ်ပါတယ်။ တရားရေးဝန်ကြီးဌာနမှ ဝန်ကြီး Cecilia Perez က ဒီလို ကိစ္စမျိုးကို တစ်ဦးတစ်ယောက်တည်းလုပ်ဖို့၊ ဒါမှမဟုတ် တစ်နေ့တစ်ရက်တည်း လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

အခု ဖြစ်စဉ်မှ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ အညစ်အကျေးတွေ ထုပ်ပိုးထားတဲ့ ထောင်တွင်းအကျဉ်းခန်းတစ်ခု အောက်ကနေ စိမ်ပြေနပြေ တူးဖော်ထားတဲ့ ဥမင်ကို တွေ့ရပါတယ်။ အကျဉ်းသား(၉၁)ဦးအထိ ထွက်ပြေးဖို့ ပူးပေါင်းကြံစည်ခဲ့ကြပြီး၊ (၁၆)ဦးကတော့ လိုဏ်ထဲမှာရှိနေစဉ်မှာပဲ သက်ဆိုင်ရာက ဖမ်းဆီးခဲ့တာပါ။

PARAGUAY’S ABC COLOR

တစ်ချို့သော သတင်းတွေမှာတော့ အကျဉ်းထောင်ဝန်ထမ်းတွေက လာဘ်ငွေရယူပြီး အကျဉ်းထောင် မိန်းဂိတ်ကနေ ထောင်သားတွေ လွှတ်ပေးခဲ့တာလို့ စွပ်စွဲထားပေမယ့်၊ ဒီကိစ္စကို ထောင်အာဏာပိုင်တွေက ထုတ်ပြန်ဖြေရှင်းခြင်း မရှိသေးပါဘူး။ သို့ပေမယ့် အခင်းဖြစ်ပြီး သိပ်မကြာမီမှာ အကျဉ်းထောင်ရဲ့ဒါရိုက်တာ Christan Gonzalez ကို သက်ဆိုင်ရာက ရာထူးက ထုတ်ပယ်ဖမ်းဆီးလိုက်ပါတယ်။

ရဲဘက်မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Reinalda Palacios က ထောင်ရဲ့အကျဉ်းခန်းများရှိရာ အပေါ်ထပ်မှ လူ(၅၀)၊ အောက်ထပ်မှ (၂၅)ဦး လွတ်မြောက်သွားတယ်လို့ အတည်ပြုခဲ့ပါတယ်။ PCC ရာဇဝတ်သားတွေဟာ ထောင်ပြင်ပမှာ အသင့်စောင့်နေတဲ့ ထရပ်ကား(၅)စီးနဲ့ ဆက်လက် လွတ်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။ ပါရာဂွေးရဲကတော့ သူတို့ကို ပြန်ဖမ်းမိရေး စတင်ဆောင်ရွက်နေပါတယ်။

ဒီအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် ဇွန်လ (၁၆)ရက်နေ့က ထောင်တွင်းအကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ၊ အကျဉ်းသား(၁၀)ဦး သေဆုံးခဲ့ရပါသေးတယ်။ အခု အဖြစ်အပျက်အတွက် ဘရားဇီးနိုင်ငံ၊ Mato Grosso do Sul ပြည်နယ် အာဏာပိုင်တွေကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို အခုလွတ်မြောက်လာတဲ့ ထောင်သားတွေကို တွေ့ရှိက ဖမ်းဆီးဖို့အရေး တပ်လှန့်ထားပြီး၊ မိတယ်ဆိုရင် ပါရာဂွေးဘက်ကို ပြန်လွှဲပေးဖို့ ရှိပါတယ်။

လင်းသုတ

SHARE