မိခင်ဝမ်းကထွက်လာလာချင်း ဖခင်ရဲ့အသံကို မှတ်မိပြီး ပြုံးပြခဲ့တဲ့ မွေးကင်းစကလေး

instagram/tarsila.rosa

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က ဖလာဗီယိုဒန်းတက်စ်ဆိုသူ အမျိုးသားဟာ မကြာခင် ကလေးအဖေဖြစ်တော့မှာပါ။ ဖလာဗီယိုက ဇနီးသည်ရဲ့ဝမ်းထဲမှာလွယ်ထားတဲ့ ရင်သွေးလေးကို နေ့တိုင်းနေ့တိုင်း စကားပြောပါတယ်။ ဒါပေမယ့် သူ့ရဲ့အခုလို နေ့စဉ်အပြုအမူလေးဟာ တစ်ချိန်မှာ အကျိုးရလဒ်ပေါ်လိမ့်မယ်ဆိုတာတော့ သတိမပြုမိခဲ့ပါဘူး။

ဖလာဗီယိုရဲ့ ဇနီးသည် တာစီလာကတော့ အခုလို ပြောပါတယ်။ “ဖလာဗီယိုက ကလေးကို အရမ်းချစ်တယ်လို့ အမြဲတမ်းပြောတတ်ပါတယ်။ မနက်သူအလုပ်သွားတိုင်းလည်း ကျွန်မဗိုက်ကို အသာပွတ်ပြီး ကလေးကို နှုတ်ဆက်သွားတတ်တယ်။ ထူးဆန်းတယ်လို့ ဆိုရမလား မပြောတတ်ပါဘူး။ သူ့အဖေအသံကြားပြီးရင် အထဲက ကလေးက နည်းနည်းလေး လှုပ်တတ်တယ်…”

instagram/tarsila.rosa

ဖလာဗီယိုရဲ့ အပြုအမူလေးတွေကြောင့် ကလေးနဲ့ဖခင်ကြားထဲက နှောင်ကြိုးလေးဟာ တဖြည်းဖြည်းခိုင်မာလာတာ အမှန်ပါ။ ဒီလိုနဲ့ တာစီလာဟာ ကလေးမီးဖွားမယ့်ရက်ကို ရောက်လာပါတယ်။ ဘေဘီလေး အန်တိုနယ်လာကို မွေးပြီးတဲ့အချိန်မှာတော့ ဇနီးမောင်နှံနှစ်ယောက်စလုံးဟာ ထူးခြားချက်တစ်ခုနဲ့ တွေ့ကြုံခဲ့ရပါတယ်။

READ
ငွေကြေးမတတ်နိုင်တဲ့လူနာရှင်ကို အခမဲ့ခွဲစိတ်ပေးခဲ့တဲ့ မေတ္တာရှင်ဆရာဝန်များ
instagram/tarsila.rosa

အန်တိုနယ်လာလေးကို မွေးဖွားပြီးပြီးချင်း ဆေးရုံဝန်ထမ်းတစ်ယောက်ကနေ ပထမဆုံးအကြိမ်အဖြစ် ကလေးရဲ့မိခင်ဆီကို ပိုက်ထွေးဖို့ ပေးလိုက်ပါတယ်။ ဒီအချိန်မှာပဲ ဖလာဗီယိုဟာ ကိုယ်ကို ကုန်းပြီး ကလေးနားသွားကာ ခါတိုင်း သူနှုတ်ဆက်နေကြအတိုင်း သမီးလေးကို နှုတ်ဆက်လိုက်ပါတယ်။ အန်တိုနယ်လာလေးဟာ ဖခင်ရဲ့အသံကို ကြားကြားချင်းမှာပဲ မျက်လုံးလေးပွင့်ကာ ပြုံးရယ်နေခဲ့တာကို အံ့အားသင့်ဖွယ်တွေ့ခဲ့ရကြောင်း theepochtimes မှာ ဖော်ပြထားတာပါ။

instagram/tarsila.rosa

ဖလာဗီယိုကတော့ သူ့သမီးက သူ့အသံကြားတာနဲ့ ပြုံးပြတာကို တွေ့လိုက်ရလို့ အရမ်းကိုကျေနပ်ပျော်ရွှင်နေပါတယ်။ သမီးကလေးကို ချစ်လွန်းလို့ သူ့ရင်ဘတ်နဲ့တောင် မဆန့်ပါဘူးလို့လည်း ဖလာဗီယိုက ဆိုပါတယ်။ အခုလို ချစ်စရာကောင်းတဲ့ မိသားစုလေးရဲ့ ပုံရိပ်ကိုတော့ ဖလာဗီယိုတို့ ဇနီးမောင်နှံရဲ့ အင်စတာဂရမ်ပေါ်ကနေ တွေ့ရှိရတာပါ။

Mayo clinic အရ သန္ဓေသားကလေးတွေဟာ ကိုယ်ဝန်ဆောင်ပြီး (၁၆) ပတ်လောက်မှာပဲ အသံတွေကို သိနေနိုင်ပြီလို့ ဆိုပါတယ်။ ကိုယ်ဝန်သက်တမ်း ရက်သတ္တပတ်(၂၆) ပတ်လောက်မှာတော့ သားအိမ်ထဲမှာရှိတဲ့ ကလေးဟာ အပြင်က အသံတွေကို သိသိသာသာပြန်လည်တုံ့ပြန်နိုင်တဲ့အပြင် မိဘတွေရဲ့အသံကိုလည်း လက်ခံ မှတ်ယူနိုင်စွမ်းရှိကြောင်း သိရပါတယ်။

READ
 ကီနူးရိဗ်ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ထားကို တွေ့မြင်ရတဲ့ အဖြစ်အပျက်လေး
instagram/tarsila.rosa

လင်းလင်း (ShweMom)

SHARE