အမေဇုံသစ်တောကို မီးရှို့ဖို့စေခိုင်းသူမှာ လီယိုနာဒိုဖြစ်ကြောင်း၊ ဘရားဇီးသမ္မတစွပ်စွဲ

Twitter / Eduardo Bolsonaro

ဘရာဇီးနိုင်ငံမှာ မကြာသေးခင်က နိုင်ငံကရော ကမ္ဘာကပါ တန်ဖိုးထားရတဲ့ အမေဇုံသစ်တော မီးလောင်မှုမှာ အဓိကတာဝန်ရှိသူအဖြစ် သမ္မတ Jair Bolsonaro ကို ပြည်ပမီဒီယာတွေက ဖိအားပေး ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။ ဘရာဇီးသမ္မတကတော့ တောမီးကို အရှို့ခိုင်းသူတွေရဲ့နောက်ကွယ်မှာ မင်းသား လီယိုနာဒိုက ကြိုးကိုင်သူတစ်ဦးဖြစ်တယ်လို့ ထမင်းရေပူ လျှာလွှဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က သတင်းမီဒီယာနဲ့ တွေ့ဆုံစဉ်မှာ Jair က “ ဒီလူက အတော်သွေးအေးတဲ့လူ … ဟုတ်တယ်နော် … သူက အမေဇုံကို မီးရှို့ဖို့ ပိုက်ဆံတွေ ထုတ်ပေးတဲ့သူ … ”လို့ ပြောပါတယ်။ သူ့မှာ ဘာသက်သေမှာ ခိုင်ခိုင်မာမာ မရှိသော်လည်း လီယိုနာဒိုသာ ဒါကို လုပ်တာပါလို့ တိတိကျကျ ပြောခဲ့တာပါ။

လီယိုနာဒိုဟာ ပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်မှုရေးရာ တက်ကြွလှုပ်ရှားသူအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး၊ သူ့ကို ဘရားဇီးသမ္မတက Facebook Live ထုတ်လွှင့်နေစဉ်မှာ အခုလို အရမ်းကာရော ပြောဆိုခဲ့တာပါ။ သူက “ ဒီမယ် လီယိုနာဒို .. (ဆဲဆိုလိုက်ပြီး) မင်းက အမေဇုံမီးရှို့မှုမှာ ကြံရာပါဘဲ ”လို့ ပြောခဲ့တာပါ။

လီယိုနာဒိုရဲ့ ပတ်ဝန်းကျင်ဆောင်ရှောက်ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ Earth Alliance အဖွဲ့က ပြီးခဲ့တဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အမေဇုံမီးလောင်မှုနဲ့ အမေဇုံကို ကာကွယ်ဖို့အတွက် ဒေါ်လာ(၅)သန်း လှူမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ စေတနာ့ဝန်ထမ်း မီးသတ်သမား(၄)ဦးကို ဘရာဇီးရဲက ဖမ်းဆီးလိုက်ပါတယ်။ အဲဒီမီးသတ်သမားတွေဟာ ရံပုံငွေရဖို့ တောမီးရှို့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာဆိုပေမယ့်၊ သက်သေမခိုင်လုံလို့ ကြာသပတေးနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

Twitter / Eduardo Bolsonaro

သို့သော် သမ္မတရဲ့သားဖြစ်သူ Eduardo က သူရဲ့တွစ်တာပေါ်မှာ လီယိုနာဒိုက မီးရှို့ပေးတဲ့ NGO အဖွဲ့ကို ဒေါ်လာ(၃)သိန်း လျှူဒါန်းခဲ့ကြောင်း၊ WWF အဖွဲ့ကလည်း မီးလောင်နေတဲ့ဓာတ်ပုံတွေအတွက် ဒေါ်လာ(၇)သောင်းပေးခဲ့ကြောင်း အတိအကျရေးသားခဲ့ပါတယ်။ လီယိုနာဒိုကတော့ ဒီသတင်းတွေကို ငြင်းဆိုခဲ့ပြီး၊ ဘရာဇီးအခြေစိုက် WWF အဖွဲ့ကလည်း ဒီစွပ်စွဲမှုတွေကို ငြင်းဆန်ခဲ့ပါတယ်။

နေသူရိန်

SHARE