ညစ်ညမ်းလေထုဟာ ဦးနှောက်နှင့်မှတ်ဥာဏ်တို့ကို ဆိုးရွားစွာထိခိုက်ဟု ပညာရှင်များဆို

Pexels/Medium

နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်(NO2)နဲ့ particulates (PM10)  တို့ ပါဝင်နှုန်းမြင့်မားတဲ့ ညစ်ညမ်းလေထုကို ရှူရှိုက်ခြင်းဟာ လူသားတွေရဲ့ မှတ်ဥာဏ်နဲ့ ဦးနှောက်ကို ဆိုးဆိုးရွားရွား ထိခိုက်နေကြောင်းကို အင်္ဂလန်နိုင်ငံ Warwick တက္ကသိုလ်က  ပညာရှင်များက တွေ့ရှိခဲ့ကြတယ်လို့ DailyMail သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အထူးသဖြင့် ဒီလို ညစ်ညမ်းလေထုကို ရှူရှိုက်နေရခြင်းဟာ မှတ်ဥာဏ်ပိုင်းဆိုင်ရာမှာ ယိုယွင်းပျက်စီးလာမှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လေထုညစ်ညမ်းမှုများပြားတဲ့ ဒေသက လူတွေနဲ့ လေထုညစ်ညမ်းမှုနည်းပါးတဲ့ ဒေသကလူတွေထက် မှတ်ဥာဏ်များ ပျောက်ဆုံးခြင်းကို ခံစားနေရတာကို နှိုင်းယှဉ်ပြခဲ့ပါတယ်။ ညစ်ညမ်းလေထုကို ရှူရှိုက်နေတဲ့ လူတွေဟာ အချိန်(၁၀)နှစ်တာလောက်မှ ဖြစ်လာမယ့် အရာကို စောစီးစွာခံစားနေရတာတွေ၊ မှတ်ဥာဏ်တွေကို ပြန်လည်ခေါ်ငင်နိုင်ခြင်းမရှိတော့တာတွေကို ပညာရှင်များက တွေ့ရှိကြပါတယ်။ အဆိုပါ ညစ်ညမ်းလေထုပမာဏ များပြားတဲ့ အရပ်ဒေသက လူတွေဟာ မေ့တတ်တာတွေ၊ မှတ်ဥာဏ်ကို ပြန်ခေါ်လို့ မရတော့တာတွေ အဖြစ်များလာတယ်လို့ ဆိုပါတယ်။

Shutterstock/Adam Cowell

ဒီလို လေ့လာစမ်းသပ်မှုဟာ လူသားတွေမှာတင် ပြုလုပ်ခဲ့ခြင်းမဟုတ်ဘဲ တခြားစမ်းသပ်ခန်းသုံး တိရစ္ဆာန်တွေဖြစ်တဲ့ ကြွက်တို့၊ မျောက်တို့မှာလည်း စမ်းသပ်ကြည့်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Shutterstock/Wild_and_free_nature

လူသားတွေနဲ့ စမ်းသပ်ရာမှာလည်း အင်္ဂလန်နိုင်ငံက လူပေါင်း သုံးသိန်းလေးသောင်းကို စမ်းသပ်ခဲ့ပြီးမှ ဒီလိုတွေ့ရှိရတာပါ။ အင်္ဂလိပ်အက္ခရာစဉ်များနဲ့ လေ့ကျင့်ရတဲ့  standardize word-recall စမ်းသပ်မှုနဲ့ အတူ စကားလုံး ၁၀ လုံးကို မှတ်မိလား၊ မမှတ်မိဘူးလားဆိုပြီး စမ်းသပ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဒီလိုတွေ့ရှိချက်ကို Ecological Economics ဂျာနယ်မှာ ရေးသားဖော်ထုတ်ခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါ စမ်းသပ်မှုမှာ ဦးဆောင်ပါဝင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ပါမောက္ခAndrew Oswald က “စကားလုံးတွဲတွေကို ပြန်မှတ်မိဖို့ မှတ်ဥာဏ်ကို ပြန်ခေါ်တဲ့ အချိန်မှာ ညစ်ညမ်းလေထုထူထပ်တဲ့ အရပ်ဒေသက အသက် ၅၀ အရွယ်ရှိတဲ့လူတွေရဲ့ မှတ်ဥာဏ်အခြေအနေက အသက် ၆၀ အရွယ်မှတ်ဥာဏ်မျိုးဖြစ်နေတာကို တွေ့ရတယ်”လို့ ဆိုပါတယ်။

“လေထုအတွင်းမှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နဲ့ လေထုထဲက အမှုန်တွေ ဘယ်လောက်များများမှ ဒီလိုဖြစ်လာစေဖို့ဆိုတဲ့ အချက်ကတော့ ကျနော်တို့ အတိအကျမသိနိုင်သေးပါဘူး၊ အင်္ဂလန်နိုင်ငံမှာတော့ ညစ်ညမ်းလေထုများပြားတဲ့ အရပ်ဒေသတွေက Kensington နဲ့ Islington တို့ပဲ”လို့ ဆိုပါတယ်။

Ye Yint Kyaw

SHARE