ညီမတွေက သူ့ရဲ့ အကြွေးတွေဆပ်မပေးလို့ တရားစွဲဆိုခဲ့တဲ့ အစ်ကိုဖြစ်သူရဲ့လုပ်ရပ်

Freepik/SHRM

အမျိုးသားတစ်ယောက်ဟာ သူရဲ့အကြွေးတွေကို ညီမတွေက ဆပ်မပေးလို့ဆိုပြီး တရားစွဲဆိုဖို့ ကြိုးစားခဲ့ကြောင်း စင်္ကာပူရဲ့ နာမည်ကြီး သတင်းစာတစ်ဖြစ်တဲ့ Starits Times က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် သူ့အမှုကို တရားရုံးက ပယ်ချလိုက်တာကြောင့် အဆိုပါအမျိုးသားမှာ အကြံခက်သွားပါတော့တယ်။ အစ်ကိုဖြစ်သူဟာ မိသားစုကုမ္ပဏီပိုင် ငွေတွေကို ယူပြီး သူ့မိသားစုအတွက် သုံးနေခဲ့တာပါ။

ဒါကို ညီမတွေက ကောင်းကောင်းသိပေမယ့်၊ မသိကျိုးကျွန် ပြုပြီး၊ လွှတ်ထားခဲ့ပါတယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက ကမ်းတက်ပြီး၊ သူရဲ့သားကို ကိုယ်စားတရားလိုအဖြစ် တရားစွဲခိုင်းပါတယ်။ အဓိကအနေနဲ့ သူဟာ စီးပွားရေးလုပ်ရင်း အကြွေးတင်ခဲ့ရာ အဲဒီအကြွေးတွေကို ဘဏ်တွေမှာ ပြန်ဆပ်ဖို့ လိုအပ်နေတာပါ။

wikimedia commons

မိခင်အမွေ အများကြီးရထားတဲ့ ညီမဖြစ်သူတွေအနေဲ့ သူ့အကြွေးကို ဆပ်ပေးသင့်ကြောင်း တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ရာ၊ တရားရုံးက ပယ်ချခဲ့တာဖြစ်ပါတယ်။ ညီအစ်မဖြစ်သူတွေရဲ့အမည်ကတော့ Lee Gin Hong နဲ့ Lee Gim Moi တို့ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူရဲ့အမည်ကတော့ Lee Ker Min ဖြစ်ပါတယ်။

Min ဟာ သူ့မိသားစု၊ သို့မဟုတ် သူ့တစ်ကိုယ်ရေ ပုဂ္ဂလိကတင်ရှိထားတဲ့ အကြွေးတွေကို ညီမဖြစ်သူတွေက ဆပ်ပေးဖို့ ဝတ္တရားရှိတယ်လို့ ပြောခဲ့တာပါ။ တကယ်က သူဟာ အိမ်ထောင်သီးခြားဖြစ်သွားကတည်းက ကျေနပ်လောက်ဖွယ် မိဆိုင်ဖဆိုင်အမွေတွေကို တစ်ခါတည်း ခွဲယူပြီးသားဖြစ်ပါတယ်။

နောက်ပြီး မိဘလုပ်ငန်း Lee Huat Company ကို ဦးဆောင်ရာမှာလည်း အစ်ကိုဖြစ်သူ Min က လက်ဝါးကြီးအုပ်ခဲ့တာပါ။ သူ လေဖြတ်တော့ သားဖြစ်သူ Roland Lee Kai Teck ကို ကုမ္ပဏီရာထူး လွှဲပေးခဲ့ပါတယ်။ ညီမ Hong နဲ့ Moi တို့ဟာ ကုမ္ပဏီနဲ့ကင်းကွာခဲ့ရပြီး၊ အစ်ကိုဖြစ်သူ ချယ်လှယ်တာကို ခံခဲ့ရတာပါ။

ဒါပေမယ့် အခုအခါမှာတော့ Min က မိခင်ဖြစ်သူ လုပ်ငန်းကို ဦးဆောင်နေချိန်မှာ အကြွေးဒေါ်လာ (၇၄၀၂၁၄)အထိ တင်ရှိခဲ့ပြီး၊ United Overseas Bank ကို ပေးဆပ်ရမှာဖြစ်ကြောင်း၊ ဒါက မိခင်အကြွေးမို့ ညီမတွေနဲ့ဆိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ထပ်မံတွေ့ရှိချက်အရ Min ကုမ္ပဏီရံပုံငွေမှ ဒေါ်လာ (၂.၆)သန်းအထိ သုံးထားပါတယ်။

supermecourt.gov.sg

ဒီလို အခြေအနေတွေမှာ အကြွေးတွေဟာ ညီမတွေနဲ့ဆိုင်တယ်ဆိုပြီး Min က သြဂုတ်လ(၂)ရက်နေ့က တရားစွဲခဲ့တာပါ။ ဒါပေမယ့် စင်္ကာပူ တရားရုံးချုပ်ရဲ့ အဆင့်မြင့်တရားသူကြီး Lai Siu Chiu က အမှုကို ပယ်ချလိုက်ပြီး၊ ညီမတွေအနေနဲ့ သူမတို့စီးပွားရေးလုပ်ငန်းတွေကနေ အစ်ကိုဖြစ်သူ ထုတ်ယူသုံးစွဲထားတဲ့ ငွေကြေးတွေကို ခြေရာခံနိုင်ဖို့ တရားရုံးထံ စုံးစမ်းစစ်ဆေးပေးဖို့လျှောက်လွှာ တင်နိုင်တယ်လို့လည်း အကြံပေးခဲ့ပါသေးတယ်။

လင်းဇော်ကို

SHARE