အညိုရောင်အဆီ သို့မဟုတ် brown fat တွေဟာ သာမန်အဆီတွေမလိုမဟုတ်ဘဲနဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုစေနိုင်တဲ့ ကောင်းသောအဆီတွေပါတဲ့။ Insider ရဲ့ ဖော်ပြချက်အရ ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း Memorial Sloan Kettering Cancer ဌာနမှ လူနာပေါင်း ၅၂,၀၀၀ ကို Rockefeller တက္ကသိုလ်မှ စစ်တမ်းကောက်ရင်း ဒီအချက်ကို အတည်ပြုနိုင်ခဲ့တာပဲဖြစ်ပါတယ်။
Brown fat တွေရှိနေတဲ့လူတွေဟာ နှလုံးကျန်းမာရေး၊ Type 2 ဆီးချိုရောဂါနဲ့ တခြားသော နာတာရှည်ရောဂါတွေကို ဖြစ်ပွားမှုနှုန်း လျော့ကျစေနိုင်နေပါတယ်။ ဒီအဆီအမျိုးအစား ရှိသူတွေဟာ သာမန်လူတွေနဲ့ယှဉ်ပြီး ဆေးစစ်ကြည့်မယ်ဆိုရင် cholesterol level ဟာ ပိုမြင့်တက်နေတာကိုလည်း သွားတွေ့ရပါတယ်တဲ့။

White fat နဲ့ Brown fat ကွာခြားပုံ
ကျွန်တော်တို့ ပုံမှန်ရှိနေတဲ့ အဆီပြင်တွေဟာ white fat လို့ခေါ်ပါတယ်။ ဒီအဆီတွေဟာ ဝမ်းဗိုက်နဲ့ ကလီစာတွေပေါ် ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရေပြားအောက်တွေမှာ လွယ်လွယ်ရှာတွေ့နိုင်ပါတယ်။ Brown fat တွေကတော့ လည်ပင်းနဲ့ နှလုံး ပတ်ချာလည်မှာ တွေ့နိုင်ပါတယ်။ Brown fat ရဲ့ လုပ်ဆောင်မှုတွေထဲ ခန္ဓာကိုယ်ကို နွေးထွေးစေပြီးတော့ ကယ်လိုရီတွေကျဆင်းစေတဲ့အတွက် အဝလွန်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်တဲ့။ Glucose ကို လောင်ကျွမ်းစေပြီး စွမ်းအင်အဖြစ် အသုံးပြုတဲ့အတွက်ကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ဆီးချို၊ သွေးချိုတို့မှ ကာကွယ်ပေးပါတယ်။

ခန္ဓာကိုယ်မှာ brown fat ရှိနေလား သိဖို့
Brown fat တွေဟာ သာမန်အဆီတွေလိုမျိုး ရှာရတာ မလွယ်ကူဘဲ သိပ်ကို ခက်ခဲလှပါတယ်။ သူ့ကို PET scan ဆိုတဲ့ medical scan နဲ့ ဖတ်မှ မြင်နိုင်မှာပါ။ ဒါဟာ ကင်ဆာရောဂါတွေဘာတွေကိုလည်း ရှာဖွေတဲ့ scan ဖတ်နည်းမလို့ တော်ရုံ ဘာရောဂါမှမရှိတဲ့ ကျန်းမာတဲ့လူတွေကိုတော့ ပေးပြီး scan မဖတ်ခိုင်းလေ့ရှိပါဘူး။ ဒါပေမဲ့ အပြင်ပန်းအရ ခန့်မှန်းရမယ်ဆိုရင်တော့ အေးတဲ့အချိန်မှာ သူများတွေလောက် မအေးဘဲ ခန္ဓာကိုယ်နွေးနေရင် brown fat ရှိနေတယ်လို့ သတ်မှတ်နိုင်ပါတယ်တဲ့။

penny