အရှိန်ပြင်းတဲ့ တောမီးထဲက ကိုအာလာလေးကို အသက်နဲ့ရင်းကယ်တင်ခဲ့တဲ့ သူရဲကောင်း

9News/Port Macquarie Koala Hospital

သြစတေးလျနိုင်ငံ နယူးဆောက်သက်ဝေးလ်ပြည်နယ် ပေါ့တ်မက်ကွာရီမြို့နားမှာ တောမီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဒေသခံ ကိုအာလာဝက်ဝံလေးတွေအတွက် စိုးရိမ်ဖွယ်ဖြစ်ခဲ့ရကြောင်း ladbible သတင်းက ဖော်ပြထားပါတယ်။ မီးခိုးငွေ့တွေနဲ့ လောင်ကျွမ်းနေတဲ့ မီးတောက်တွေအကြား ကယ်သူမဲ့နေတဲ့ ကိုအာလာလေးတစ်ကောင်ကိုတော့ အမျိုးသမီးတစ်ယောက်ဟာ သူမအသက်နဲ့ရင်းကာ ကယ်ဆယ်ခဲ့ကြောင်း သိရပါတယ်။

၎င်းကိုအာလာလေးဟာ ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ဒဏ်ရာတွေရနေပါတယ်။ ၀က်ဝံလေးဟာ တောမီးလောင်နေတဲ့ကြားကနေ လမ်းမပေါ်ဖြတ်ပြီး တောထဲ ပြန်ဝင်ပြေးဖို့ လုပ်နေခဲ့တာပါ။ ဒါကို တွေ့မြင်တဲ့ တိုနီဆိုသူ ဒေသခံအမျိုးသမီးတစ်ဦးက မီးလောင်နေတဲ့ တောအုပ်ထဲဝင်ကာ ၄င်းကိုအာလာလေးကို ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ အပေါ်ဝတ်ရုံကို ချက်ခြင်းချွတ်ပြီး တိုနီဟာ တောထဲဝင်ပြေးဖို့ ကြိုးစားနေတဲ့ ကိုအာလာလေးကို ဘေးကင်းရာဆီ ခေါ်လာခဲ့တာပါ။

9News

ပြီးနောက်မှာတော့ ၀က်ဝံလေးကို အပေါ်ကရေဖြန်းပေး၊ အ၀တ်နဲ့ သုတ်ပေးပြီး ရေတိုက်ခဲ့ပါတယ်။ ၀က်ဝံလေးကိုတော့ ပေါ့တ်မက်ကွာရီမြို့က ကိုအာလာဆေးရုံဆီ ခေါ်သွားမယ်လို့ တိုနီက ဆိုပါတယ်။ အဲ့ဒီမှာဆိုရင်တော့ မီးလောင်ခံရတဲ့ ၀က်ဝံလေးအတွက် အစစအရာရာ အဆင်ပြေစေမယ်လို့ သိရပါတယ်။

READ
ပြေးလမ်းပေါ်က ပိုင်ရှင်မဲ့ခွေးပေါက်လေးကိုကယ်ပြီး မာရသွန်ပြိုင်ပွဲဝင်ခဲ့တဲ့အမျိုးသမီး

သူမမျက်စိရှေ့မှာတင် သတ္တ၀ါလေးတစ်ကောင်က သေတော့မယ့်ဆဲဆဲဖြစ်နေတာကို မီးတောထဲဝင်ပြီး ရအောင် ကယ်ခဲ့တဲ့ တိုနီကိုတော့ အားလုံးက ချီးကျူးနေပါတယ်။ စိတ်မကောင်းဖွယ်ရာပဲ ယခုတောမီးလောင်တဲ့အထဲမှာ ကိုအာလာဝက်ဝံကောင်ရေ ရာပေါင်းများစွာတို့ဟာ မီးဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။ အများစုကတော့ မီးထဲမှာတင် ပြာဖြစ်တဲ့အထိ လောင်ကျွမ်းသေဆုံးသွားခဲ့ကြောင်းလည်း သိရပါတယ်။

9News

ဆေးရုံက ဆရာဝန်တစ်ဦးဖြစ်တဲ့ ချီနေးဖလာနီဂန်ကတော့ “မီးက တော်တော်အားပြင်းပါတယ်။ သတ္တ၀ါတွေရဲ့ အလောင်းတွေတော့ တစ်ခုမှ မတွေ့ရတော့ဘူး။ အကုန်လုံး ပြာတွေဖြစ်နေပြီ။ ကျွမ်းကျင်သူတွေကတော့ ကိုအာလာအကောင်ရေ (၃၅၀) လောက် သေကုန်ကြတယ်လို့ ခန့်မှန်းကြတာပဲ…” လို့ ပြောပြပါတယ်။

လင်းလင်း (ShweMom)

SHARE