အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်သား အမျိုးသားတစ်ယောက်ဟာ ကိုဗစ်ကြောက်လို့အိမ်မပြန်နိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာပိုင်တွေမသိအောင် ချီကာဂိုမြို့ O’Hare လေဆိပ်မှာ ၃လကြာနေထိုင်ခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။ အဆိုပါ အမျိုးသားဟာ အသက်၃၃နှစ်အရွယ် Aditya Udai Singh ဆိုသူပါ။ သူ့ကိုတော့ စနေနေ့မနက်မှာပဲ လေဆိပ်တားမြစ်ဧရိယာအတွင်း အယောင်ဆောင်ဝင်ရောက်မှုနဲ့ ဒေါ်လာ၅၀၀အောက် ခိုးမှုအတွက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Singh ဟာ ၂၀၂၀ခုနှစ် အောက်တိုဘာ ၁၉ရက်နေ့တုန်းက လော့အင်ဂျလိစ်ကလာတဲ့လေယာဉ်နဲ့ O’ Hare ကိုရောက်လာခဲ့တာဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ ၁၆ရက်ကမှ သူ့ကိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းမိပုံမှာတော့ United Airlines ဝန်ထမ်းနှစ်ဦးက သူ့ကို မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းခဲ့တာပါ။ Singh ဟာ သူ ခိုးယူထားခဲ့တဲ့ operation manager တစ်ယောက်ပိုင်ဆိုင်တဲ့ ID ကတ်ကို သူတို့ဆီထုတ်ပြခဲ့ပါတယ်။ အဲ့ဒီကတ်ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလောက်က မန်နေဂျာက ပျောက်သွားတယ်လို့ ကြေညာခဲ့တဲ့ ကတ်ဖြစ်နေခဲ့တာပါ။ ဒါနဲ့ပဲ Singh ဟာ ရဲလက်အပ်ခံခဲ့ရပါတယ်။

Singh ဟာ လေဆိပ်ထဲမှာနေထိုင်စဉ်အတွင်း အခြားခရီးသည်တွေက သူ့ကို အစားအစာပေးကျွေးခဲ့တယ်လို့ သိရပါတယ်။ စုံစမ်းစစ်ဆေးချက်တွေအရ Singh ဟာ Los Angeles ရဲ့ဆင်ခြေဖုံးတစ်ခုမှာနေပြီး ယခင် ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့မှတ်တမ်းတွေလည်း မရှိဘူးလို့ သိရပါတယ်။ Singh ကိုတော့ O’Hare လေဆိပ်ကို ဘယ်တော့မှ မလာပါဘူးဆိုတဲ့ ခံဝန်နဲ့အတူ အာမခံငွေ ဒေါ်လာ ၁ထောင် ဒဏ်ကြေးတပ်ထားပါတယ်။ ဇန်နဝါရီ ၂၇ ရက်မှာတော့ Singh က တရားခွင်မှာ ရုံးချိန်းပြန်လာရဦးမှာပါ။
O’Hare လေဆိပ်ဟာ ကမ္ဘာပေါ်မှာ အတက်အဆင်းအများဆုံး လေဆိပ်တွေထဲကတစ်ခုဖြစ်ပါတယ်။ ကပ်ရောဂါမဖြစ်ခင်အချိန်ကဆို နှစ်စဉ်ခရီးသည်ဦးရေ ၈၄.၆ သန်းခန့် အဝင်အထွက်ရှိကြောင်းလည်း သိရပါတယ်။
ShweMom