ဂျပန်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာပါဝင်ခဲ့တဲ့ ကနေဒါ rugby ကစားသမားတွေ

Twitter / Mothership

မကြာခင်က ဂျပန်နိုင်ငံမှာ Hagibis တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလာရောက်ယှဉ်ပြိုင်တဲ့ ကနေဒါ rugby ကစားသမားတွေဟာ ဒီမုန်တိုင်းအခြေအနေကြောင့် ယှဉ်ပြိုင်မယ့်ပွဲစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ဒါပေမယ့် ကစားသမားတွေဟာ သဘာဝဘေးဒဏ်ခံခဲ့ရတဲ့ Kamaishi မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်အားဖြည့်ကူညီ ပေးခဲ့ကြပါတယ်။

ဒီ Hagibis တိုင်ဖုန်းမုန်တိုင်းကြောင့် လူ(၃၁)ဦးထက်မနည်းသေဆုံးခဲ့ပြီး လူ(၁၈၆)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒီတိုင်ဖုန်း မုန်တိုင်းကြောင့် မြေပြိုမှုတွေဖြစ်ပွားခဲ့ကာ ဟာရီကိန်း အင်အားသုံးလေပြင်းများတိုက်ခတ်ခဲ့တဲ့အပြင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။

ဂျပန်နိုင်ငံအလယ်ပိုင်းကိုဆက်လက်ရွေ့လျားသွားခဲ့တဲ့မုန်တိုင်းဟာ တဖြည်းဖြည်းအားလျော့သွားခဲ့ပြီး အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်ရုံးရဲ့အပြောအရ ဒီတစ်ခေါက်ဖြစ်ပွားမှုဟာ စံချိန်တင်လောက်တဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေနဲ့ ရေကြီးမှု၊ မြေပြိုမှုတွေဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် လူ(၂၃၀၀၀၀)ကျော်ဟာ နေအိမ်တွေကနေစွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်။

တိုကျိုမြို့တစ်ဝန်းရှိ မြို့တော်တော်များများကို အရေးပေါ်သတိပေးချက်တွေတော့ ထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံက Rugby ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ်ကျင်းပနေစဉ်အတွင်းမှာ ဒီတိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့ တာကြောင့် အချို့ပွဲစဉ်တွေကိုကြိုတင်ဖျက်သိမ်းမှုတွေလုပ်ဆောင်ခဲ့ရပါတယ်။

 နယူးဇီလန်အသင်းနဲ့အီတလီအသင်းတို့ရဲ့ကစားပွဲတွေ၊ အင်္ဂလန်အသင်းနဲ့ပြင်သစ်အသင်းတို့ရဲ့ကစားပွဲတွေကို  မုန်တိုင်းကြောင့် ရပ်ဆိုင်းထားရတယ်လို့သိရပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရတဲ့ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ ကနေဒါကစားသမားတွေဟာ ပျက်စီးနေတဲ့အပျက်အစီး တွေကို ၀ိုင်းဝန်းရှင်းလင်းမှုတွေလုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

ကနေဒါကစားသမားတွေဟာ သူတို့ရဲ့ပွဲစဉ်ကိုဖျက်သိမ်းလိုက်ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ကြပါတယ်။ဒါဟာ အာကစားသမားတွေရဲ့စစ်မှန်တဲ့ကစားနည်းရဲ့တန်ဖိုးပဲဖြစ်တယ်လို့ ပြိုင်ပွဲစီစဉ်သူတွေက သူတို့ရဲ့တွစ်တာစာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက်(၂၇၀၀၀)၀န်းကျင်လောက်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဦးဆောင်လုပ် ကိုင်လျက်ရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ်ရုံးကဆိုပါတယ်။

Thae

SHARE