ယူကရိန်းလေယာဉ်ကို အီရန်ပစ်ချခဲ့ကြောင်း သက်သေတွေရှိနေဟု ကနေဒါဝန်ကြီးချုပ်ဆို

YouTube/CNN

မကြာသေးခင်က ယူကရိန်းအစိုးရပိုင် လေယာဉ်တစ်စီး အီရန်နိုင်ငံ၊ တီဟီရန်အလွန်မှာ ပျက်ကျခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် အများပြည်သူမှာ အတော်လေး တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။ အကြောင်းကတော့ အနောက်မီဒီယာတွေက ယူကရိန်လေယာဉ်ဟာ ပျက်ကျတာမဟုတ်ဘဲ၊ အီရန်က ဒုံးကျည်နဲ့ပစ်ချခဲ့တာဆိုပြီး သတင်းတွေ ဖော်ပြခဲ့လို့ပါ။

အီရန်အာဏာပိုင်တွေကတော့ လေယာဉ်ဟာ စက်ချို့ယွင်းပြီး ပျက်ကြတာဖြစ်ကြောင်း၊ လေယာဉ်ရဲ့ Black Box ကို အသေးစိတ်စစ်ဆေးဖို့ မိမိတို့ဘက်က လုပ်ဆောင်နေပြီး၊ အခြားနိုင်ငံများထံကို လွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီအတွက် သေဆုံးသူခရီးသည်တွေနဲ့ သက်ဆိုင်တဲ့နိုင်ငံတွေက အလွန်စိတ်ဆိုးခဲ့ကြပါတယ်။

အခု ထွက်ပေါ်လာတဲ့သတင်းမှာတော့ လေယာဉ်ပစ်ချခံခဲ့ရကြောင်း ခိုင်မာတဲ့သက်သေတွေ ယူကရိန်းဘက်က လက်ခံရရှိထားပြီးပြီလို့ ကနေဒါဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Justin Trudeau က “ ကျွန်တော်တို့ရဲ့ မဟာမိတ်နဲ့ ကိုယ်ပိုင်စုံစမ်းရေးအဖွဲ့တွေဆီက ရရှိတဲ့ အချက်အလက်တွေကို အဖက်ဖက်က စုံစမ်းစစ်ဆေးပြီးပါပြီ … ”လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ ဒီရရှိလာတဲ့ သက်သေတွေအရ … ယူကရိန်းလေယာဉ်ဟာ အီရန်ဘက်ကနေ အသေအချာ ပစ်ချခံခဲ့ရတာ ဖြစ်ပါတယ် … သူတို့ လွဲမှားစွာ ပစ်ချခဲ့တာ ဖြစ်နိုင်ပါတယ် … ”လို့ ပြောခဲ့ပါတယ်။ နောက်ပြီး ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း လေယာဉ်ကို ထိမှန်ခဲ့တဲ့ ဒုံးကျည်ရဲ့အပိုင်းအစကို တွေ့ရှိထားတယ်လို့ အတည်ပြုထားပါတယ်။

အီရန်ဘက်ကတော့ အခုအချိန်ထိ လေယာဉ်ကို ပစ်ချခဲ့တာမဟုတ်ကြောင်း ကာကွယ်ပြောကြားနေပြီး၊ စက်ချို့ယွင်းလို့သာ အခုလို ဖြစ်ခဲ့တာလို့ ပြောပါတယ်။ အီရန်လေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ တာဝန်အရှိဆုံးပုဂ္ဂိုလ်က ဒုံးကျည်နဲ့ပစ်ချတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုခဲ့တာပါ။

အခင်းဖြစ်တဲ့လေယာဉ်ကတော့ Airlines Boeing 737-80 အမျိုးအစားဖြစ်ပြီး၊ ကနေဒါနဲ့ ယူကရိန်းအစိုးရကတော့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ သူတို့မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်ပေါ်ပါဝင်သူအားလုံး သေဆုံးခဲ့ရပြီး၊ အီရန်က (၈၂)ဦး၊ ကနေဒါ (၆၃)ဦး၊ ယူကရိန်း (၁၁)ဦးအနက် (၉)ဦးမှာ လေယာဉ်အမှုထမ်းတွေဖြစ်၊ ဆွီဒင်(၁၀)ဦး၊ အာဖဂန်(၄)ဦး၊ ဗြိတိန်(၃)ဦးနဲ့ ဂျာမန်(၃)ဦးတို့ ဖြစ်ပါတယ်။

လင်းဇော်ကို

SHARE