သစ်သားကားစီးချင်တယ်ဆိုတဲ့ သမီးရဲ့ မွေးနေ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ ဖေဖေ

လက်သမားတစ်ဦးဟာ သမီးဖြစ်သူရဲ့ မွေးနေ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သစ်သားကားတစ်စီးကို ကိုယ်တိုင်ဆောက်လုပ်ခဲ့ကြောင်း သိရပါတယ်။ သမီးဖြစ်သူက သူမရဲ့ မွေးနေ့မှာ အဖေကိုယ်တိုင် သစ်သားကားတစ်စီးလုပ်ပြီး ပီရူးကနေ နယူးယောက်မြို့အထိ ကားမောင်းပြီး သူမဆီလာခဲ့ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်တုန်းက လက်သမား ဘီရန်ဗနီဒိုအော်တီဂါရဲ့ သမီးဖြစ်သူ အီမီလီဟာ အသက်(၁၃) နှစ်ပဲ ရှိပါတယ်။ အီမီလီက ဖခင်ဖြစ်သူ ဘီရန်ဗနီဒိုကို သူမရဲ့ (၁၅) နှစ်မြောက် မွေးနေ့ရောက်တဲ့အခါ သာမန်ရိုးကျလုပ်နေတဲ့ မွေးနေ့ပါတီတွေ မလုပ်ချင်ဘူး၊ ဖခင်ကိုယ်တိုင် ကားတစ်စီးဆောက်ပြီး သူမရှိရာဆီ ကားမောင်းလာခဲ့ရမယ်လို့ တောင်းဆိုခဲ့တာပါ။

Bienvenido Ortega

သမီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ဘီရန်ဗနီဒိုဟာ (၂၀၁၇) ခုနှစ်မှာ သစ်သားနဲ့ ပြုလုပ်ထားတဲ့ Chevrolet ကားတစ်စီးကို စတင်ဆောက်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ သစ်သားကားတစ်စီးလုံး ပြုလုပ်ပြီး သမီးရဲ့ မွေးနေ့အမှီ ပီရူးကနေ နယူးယောက်ဆီထွက်အလာမှာ ဘီရန်ဗနီဒိုဟာ ဒုက္ခတွေ့ခဲ့ရပါတယ်။ အဲဒါက တခြားတော့ မဟုတ်ပါဘူး။ ကားမောင်းလာရင်းနဲ့ ကိုလံဘီယာအရောက်မှာ ကားစက်ပျက်သွားခဲ့တာပါ။

Bienvenido Ortega
Bienvenido Ortega

ကိုလံဘီယာမှာ ခဏနေရင်း ကားကို ပြင်ဆင်ဖို့ လုပ်ခဲ့ပေမယ့် လူဝင်မှုကြီးကြပ်ရေးက ဗီဇာသက်တမ်းထပ်မတိုးပေးခဲ့ပါဘူး။ ရတဲ့ရက်နဲ့ပဲ ကားကို ပြင်ဆင်ဖို့က အချိန်မလောက်တာကြောင့် ဘီရန်ဗနီဒိုဟာ သစ်သားကားကို ကိုလံဘီယာမှာရှိတဲ့ သူငယ်ချင်းတွေကိုပဲ လက်ဆောင်ပေးပြီး ပီရူးဆီ ပြန်လာခဲ့ရပါတယ်။ (၂၀၁၈) ဧပြီလမှာတော့ သူဟာ နောက်ထပ်သစ်သားကားတစ်စီးကို အစအဆုံး ထပ်မံတည်ဆောက်ခဲ့ပါတယ်။ ဒီအခါမှာတော့ Volkswagen Bettle မော်ဒယ်အတိုင်း တည်ဆောက်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ VW Bettle က ကိုယ်ထည်သေးတဲ့အပြင် အင်ဂျင်ကလည်း ရေသုံးစရာမလိုတာကြောင့် ဖြစ်ပါတယ်။

READ
 ကီနူးရိဗ်ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ထားကို တွေ့မြင်ရတဲ့ အဖြစ်အပျက်လေး
Bienvenido Ortega
Bienvenido Ortega

ဘီရန်ဗနီဒိုဟာ VW သစ်သားကားကို (၈) လ (၉) လ လောက် အချိန်ယူပြီး တည်ဆောက်ခဲ့ပါတယ်။ ကားကိုယ်ထည် body kit ကိုတော့ (၁၉၆၂) body kit အတိုင်းတည်ဆောက်ပါတယ်။ သုံးတဲ့သစ်သားကတော့ အလေးချိန်အလယ်အလတ်သာရှိတဲ့ မဟော်ဂနီသားနဲ့ ဆင်တူတဲ့  မိုဟီနာသားကို အသုံးပြုထားပါတယ်။ ပီရူးမှာတော့ မိုဟီနီသားကို ပရိဘောဂပစ္စည်းတွေ ဆောက်လုပ်ရာမှာ အသုံးများပါတယ်။ ဒါ့အပြင် ကားတစ်ခါးကိုလည်း တံခါးနှစ်ပေါက်အစား တံခါးလေးပေါက် တပ်ဆင်ခဲ့ပါတယ်။ သစ်သားပေါ်မှာ ထပ်သုတ်တဲ့ ရေစိုခံကုတ်တင်သားကိုတော့ သင်္ဘောတွေမှာ အသုံးပြုတဲ့ ကုတ်တင်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Bienvenido Ortega

အားလုံးပြီးစီးတဲ့အခါမှာတော့ ဘီရန်ဗနီဒိုဟာ သူ့ရဲ့ VW သစ်သားကားကို ဆီအပြည့်ဖြည့်ပြီး သမီးဖြစ်သူ အီမီလီဆီ မောင်းထွက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ ဘီရန်ဗနီဒိုဟာ လမ်းပေါ်မှာ ခရီးသွားနေခဲ့တာ နှစ်လကြာနေပါပြီ။ ဒီတစ်ကြိမ်မှာလည်း ကိုလံဘီယာနိုင်ငံအရောက် ကားက စက်ထပ်ပျက်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ဘီရန်ဗနီဒိုကတော့ လာမယ့်ရက်အနည်းငယ်အတွင်းမှာပဲ ကားကို အပြီးသတ်ပြင်ဆင်နိုင်ဖို့ ယုံကြည်ထားပါတယ်။ ကားစက်ပြန်ကောင်းသွားတာနဲ့ သူဟာ လာမယ့် နှစ်ပတ်အတွင်းမှာ တောင်အမေရိကတိုက်ရဲ့ အဆုံးသတ်နေရာဖြစ်တဲ့ မယ်ဒယ်လင်းမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။

READ
အမေရိကားတစ်ခွင်လုံးဖြတ်ပြေးအပြီးပန်းအ၀င်မှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့အမျိုးသား
Bienvenido Ortega

ထိုကနေကားကို သင်္ဘောပေါ်တင် ပနားမားကို ဖြတ်အပြီးမှာတော့ အမေရိကတိုက်ကို ရောက်ရှိမှာဖြစ်ပါတယ်။ ဘီရန်ဗနီဒိုရဲ့ ပန်းတိုင်ကတော့ တဖြည်းဖြည်းနဲ့ နီးကပ်လာနေပြီဖြစ်ပါတယ်။ ဘီရန်ဗနီဒိုဟာ ဇူလိုင်(၅)ရက် အီမီလီရဲ့ မွေးနေ့မတိုင်ခင် နယူးယောက်ကို ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်တုန်းက သမီးဖြစ်သူရဲ့ (၁၅) နှစ်မြောက် မွေးနေ့အတွက် လက်ဆောင်မပေးခဲ့ရပေမယ့် အခုနှစ် အီမီလီ(၁၇) နှစ်ပြည့်မွေးနေ့မှာတော့ ဘီရန်ဗနီဒိုက သမီးငယ်ရဲ့ ဆန္ဒတွေကို ပြည့်ဝစေတော့မှာပါ။ “မွေးနေ့လက်ဆောင်က ၂ နှစ်လောက်နောက်ကျပေမယ့် သမီးကတော့ ကြိုက်မှာပါ။ သမီးကို သူ့ရဲ့ မွေးနေ့က ဘယ်နေရာမှာပဲလုပ်လုပ် ကျွန်တော်မရောက်ရောက်အောင် လာခဲ့မယ်လို့ ကတိပေးဖူးတယ်…” လို့ ဘီရန်ဗနီဒိုက ပြောပြခဲ့ပါတယ်။

dailymail

လင်းလင်း (ShweMom)

Ref dailymail

SHARE