မိဘကို အိမ်အလုပ်ကူပေးချင်တဲ့ ကလေးတွေဖို့ တီထွင်လိုက်တဲ့ ဖုန်စုပ်စက်လေး

instagram/casdontoysus

ကလေးတွေဟာ လူကြီးတွေလုပ်တဲ့ အလုပ်မှန်သမျှ အကုန်လိုက်လုပ်ချင်ပါတယ်။ ဒီတော့ အရမ်းအလုပ်လုပ်ချင်နေတဲ့ ကလေးတွေရဲ့ ဆန္ဒလည်းပြည့်အောင်၊ လူကြီးတွေလည်း ၀န်နည်းနည်းပေါ့အောင် သူတို့လေးတွေကို အရုပ်ကစားစရာလေးပေးပြီး အိမ်အလုပ်ကူခိုင်းရရင် သိပ်ကောင်းမှာပါပဲ။ မိဘတွေအနေနဲ့ ဒီလိုစိတ်ကူးမျိုး တွေးမိတယ်ဆိုရင်တော့ သတင်းကောင်းတစ်ခုကို ဖော်ပြပေးလိုက်ပါရစေ။ အဲဒါကတော့ အရုပ်အနေနဲ့လည်း ဆော့နိုင်၊ တကယ်လည်း ဖုန်စုပ်နိုင်တဲ့ အရုပ်ဖုန်စုပ်စက်လေးတစ်ခုကို တီထွင်ပြီးပြီ ဆိုတာပါ။

instagram/casdontoysus

ဒီအရုပ်ဖုန်စုပ်စက်လေးကိုတော့ အရုပ်ထုတ်လုပ်ရေးကုမ္ဗဏီတစ်ခုဖြစ်တဲ့ ကတ်စ်ဒွန်က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဖုန်စုပ်စက်လေးတွေကို Dyson Ball လို့ အမည်ပေးထားပါတယ်။ ကလေးတွေဟာ ဒီဖုန်စုပ်စက်လေးတွေကို သုံးကာ အိမ်အနှံ့ဖုန်တွေလိုက်စုပ်နိုင်ပြီး လူကြီးလေးများသဖွယ် အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးက အပျင်းပြေလျှောက်ဆော့ရင်းနဲ့ တစ်အိမ်လုံးဖုန်စုပ်ပြီး ဖြစ်တာကြောင့် မိဘတွေအတွက်တော့ အဆင်ပြေမယ်လို့ ယူဆရပါတယ်။

instagram/casdontoysus

ဖုန်စုပ်စက်လေးတွေကို အရောင်တောက်တောက်လေးတွေသုံးပြီး တကယ့်ဖုန်စုပ်စက်ကြီးတွေအတိုင်း အသေးစိတ်တီထွင်ပေးထားပါတယ်။ ဖုန်စုပ်တဲ့အခါမှာလည်း စက်အကြီးစားတွေလိုပဲ အသံထွက်ပါသေးတယ်။ လူကြီးတွေ လုပ်သမျှ အတုခိုးချင်တဲ့ ကလေးတွေအတွက်ကတော့ Dyson Ball တွေဟာ တကယ်ကို နှစ်ခြိုက်စရာ ပစ္စည်းလေးတစ်ခုဖြစ်ပြီး ကလေးတွေအနေနဲ့လည်း သူတို့ဟာ အိမ်အလုပ်ကြီးတွေကို လုပ်နေတဲ့သူလို့ ခံစားရမိစေပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးတွေဆော့ကစားပြီးတဲ့အခါ ကြမ်းတွေကို ကိုယ်တိုင်တောင် သန့်ရှင်းရေးလုပ်စရာမလိုတော့ပါဘူး။

instagram/casdontoysus

ကုမ္ဗဏီကတော့ ခုလို အရုပ်ဖုန်စုပ်စက်တွေနဲ့ ပတ်သက်လို့ ကလေးတွေအတွက် ကောင်းကျိုးတွေ ရနိုင်တယ်လို့ ဆိုပါတယ်။ ကလေးတွေဟာ မျက်လုံးနဲ့ လက်ရဲ့ ပူးပေါင်းလုပ်ဆောင်မှူကို သိနားလည်လာခြင်း၊ ပြဿနာဖြေရှင်းနိုင်ခြင်းနဲ့ အမှီခိုကင်းခြင်း၊ စူးစမ်းလေ့လာတတ်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။ Dyson Ball အရုပ်ဖုန်စုပ်စက်တွေဟာ အရှည် (၂၅) လက်မရှိပြီး ဓာတ်ခဲထည့်သုံးရကာ အမေဇုန်ဝက်ဆိုက်ဒ်မှာ (၂၇) ဒေါ်လာနဲ့ ရောင်းချနေကြောင်း boredpanda အရ သိရှိရပါတယ်။

လင်းလင်း (ShweMom)

SHARE