မျက်လှည့်ပြနေရင်းပျောက်သွားတဲ့ သခင်ကို အသည်းအသန်လိုက်ရှာခဲ့တဲ့ ကြောင်လေး

twitter/AizenKamil

ကြောင်တွေဟာ ခွေးတွေနဲ့မတူပဲ ထူးခြားတဲ့အကြောင်းကို ကြောင်ပိုင်ရှင်တွေသာ သိကြပါတယ်။ များသောအားဖြင့် ခွေးတွေကို လူတွေအပေါ် သစ္စာရှိတယ်၊ နှစ်လိုဖွယ်ကောင်းတယ်လို့ ယူဆကြပြီး ကြောင်တွေကိုတော့ ဘာသိဘာသာနေတတ်တဲ့ သတ္တ၀ါတွေရယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် အခုတွေ့ရမယ့် ဗီဒီယိုလေးကတော့ ဒီအဆိုက နည်းနည်းလေးတော့ လွဲနေပြီဆိုတာကို ဖော်ပြနေပါတယ်။

အွန်လိုင်းသတင်းစာမျက်နှာ rachfeed ကနေ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာတော့ ကြောင်လေးတစ်ကောင်ရဲ့ ထူးခြားတဲ့ အပြုအမူလေးကို တွေ့မြင်ရပါတယ်။ ကြောင်လေးဟာ သခင်နဲ့ ဆော့ကစားနေရင်းကနေ သခင်က ရုတ်တရက် ပျောက်သွားတဲ့အတွက် သူ့ခမျာ အရမ်းအံ့သြသွားပြီး လှဲနေရာကနေချက်ခြင်းထ၊ သခင်ကို ပြေးလိုက်ရှာတဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။

twitter/AizenKamil

ဗီဒီယိုလေးဟာ ချစ်စရာလည်းကောင်းသလို ကြည်နူးစရာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ Aizen Kamil Hasegawa ဆိုသူက တွစ်တာပေါ်မှာ မျှဝေခဲ့တာပါ။ အွန်လိုင်းပေါ်ကလူတွေကတော့ ဗီဒီယိုလေးကို ကြည့်ပြီး တော်တော်သဘောကျနေပါတယ်။ ဗီဒီယိုထဲမှာတော့ Aizen ဟာ စောင်တစ်ထည်ကိုင်ထားပြီး ကြောင်လေးအတွက် မျက်လှည့်တစ်ခု လုပ်ပြပါတယ်။ Aizen စောင်ကိုင်ထားတဲ့အချိန်မှာ ကြောင်လေးဟာ ကြမ်းပြင်ပေါ်မှာ လှဲနေတာဖြစ်ပြီး သခင်ဖြစ်သူ သူ့ကိုလုပ်ပြနေတာကို စိတ်မ၀င်စားတဲ့ပုံနဲ့ပါ။

twitter/AizenKamil

Aizen ကတော့ သူ့တစ်ကိုယ်လုံးကို စောင်နဲ့ကာထားပြီး နံပတ်စဉ်ရေတွက်နေခဲ့ပါတယ်။ ပြီးနောက်မှာတော့ စောင်ကိုလွှတ်ချလိုက်တဲ့အချိန်နဲ့ တစ်သားတည်းမှာပဲ ကြိုတင်ရည်ရွယ်ထားတဲ့ နေရာမှာ သူက ၀င်ပုန်းနေလိုက်ပါတယ်။ ဒါပေမယ့် ကြောင်လေးခမျာမှာတော့ မသိရှာပါဘူး။ မျက်စိရှေ့မှာတင် သခင်ဖြစ်သူ Aizen က စောင်ကြီးကာနေပြီး စောင်ကြီးလည်း အောက်ပြုတ်ကျရော သခင်ဖြစ်သူပါ ပျောက်သွားတာကြောင့် သူ့ခမျာ ချက်ခြင်းလှဲနေရာကထပြီး သခင်ဖြစ်သူကို လိုက်ရှာနေခဲ့တာ ဖြစ်ပါတယ်။

အောက်မှာတော့ Aizen နဲ့ သူ့ကြောင်လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုဖိုင်လေးပါ။

 

ထို့နောက်မှာတော့ Aizen က သူ့ကြောင်လေးဟာ သူပျောက်သွားလို့ အတော်လေး လန့်နေခဲ့ကြောင်းနဲ့ ပုန်းနေရာကနေ ကြောင်လေးဆီ ပြန်သွားတဲ့အခါမှာတော့ ကြောင်လေးက သူ့အနားက မခွာတော့ပဲ ထပ်ချပ်လိုက်ပြီး သခင်ဆီကပ်နေတဲ့အကြောင်းလည်း ပြောပြသွားခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE