တိရစ္ဆာန်ပေမယ့် ငွေရှာပြီး အိမ်ရာမဲ့တွေကို ထောက်ပံ့နေတဲ့ ကြောင်ကလေး

© CASHnipKitty / Facebook

ကြောင်လေးတွေဟာ အိမ်ထဲက အကောင်ဗလောင်နဲ့ ကိုက်ဖြတ်သတ္တ၀ါတွေကို ရှာဖွေဖမ်းဆီးရာမှာ တော်လွန်းတဲ့ မုဆိုးလေးတွေပါ။ အခုဆိုရင်တော့ ကြောင်လေးတစ်ကောင်က သူ့ရဲ့ အမဲလိုက်စွမ်းရည်ကို အသုံးချပြီး အိမ်ရာမဲ့တွေကို ကူညီထောက်ပံ့ပေးနေပါပြီ။ ကြောင်ကလေးရဲ့အကြောင်းကိုတော့ Brightside သတင်းစာမျက်နှာကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

© CASHnipKitty / Facebook

ဒီချစ်စရာကောင်းတဲ့ ကြောင်လေးကို အမေရိကန် အိုကလာဟိုးမားပြည်နယ် တူလ်ဆာက မားကတ်တင်းအေဂျင်စီကနေ မွေးစားထားတာပါ။ ရုံးခန်းထဲမှာ ကြွက်ဖမ်းဖို့ဆိုပြီး ကြောင်လေးကို ခေါ်လာတာပါ။ ရုံးမှာတော့ ကြောင်လေးဟာ ပြတင်းပေါက်ဘေးထိုင်ပြီး လမ်းဘက်ဆီ အမြဲလိုလို ကြည့်နေတတ်ပါတယ်။

© CASHnipKitty / Facebook

အစပိုင်းမှာတော့ အရာအားလုံးက ပုံမှန်ပါပဲ။  ကြောင်လေးလည်း သူ့အလုပ်သူ လုပ်စရာရှိတာလုပ်၊ တစ်နေ့တစ်နေ့ သူ့နံဘေးက ဖြတ်သွားတဲ့လူတွေကို ကြည့်ရင်း အလုပ်ရှုပ်နေတာပါပဲ။ မကြာခင်မှာတော့ ရုံးခန်းထဲက လူတွေက ထူးထူးခြားခြား ကြမ်းပေါ်မှာ ပိုက်ဆံတွေကို တွေ့လာရပါတယ်။ ဒီပိုက်ဆံတွေ ဘယ်ကဘယ်လို ရောက်လာတယ်ဆိုတာ မသိရလို့ ၀န်ထမ်းတွေက ဒွိဟဖြစ်နေတာပါ။ ဒါပေမယ့် မကြာခင်မှာတော့ ရုံးခန်းထဲက ကြမ်းပေါ် ပိုက်ဆံတွေ အလိုလို ရောက်နေရတဲ့ အကြောင်းရင်းကို သူတို့ သိလိုက်ရပါတော့တယ်။

READ
 ကီနူးရိဗ်ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ထားကို တွေ့မြင်ရတဲ့ အဖြစ်အပျက်လေး
© CASHnipKitty / Facebook

ကြောင်လေးနေတဲ့ အေဂျင်စီဟာ ဖျော်ဖြေရေးခရိုင်ထဲမှာ ရှိနေတာပါ။ ဒါကြောင့် လူတွေအများကြီးက အေဂျင်စီရဲ့ ရုံးခန်းမှန်တံခါးကို ဖြတ်ကျော်ပြီး လျှောက်သွားလေ့ရှိပါတယ်။ မှန်တံခါးကို ဖြတ်သွားတိုင်း တံခါးမှာ ထိုင်ထိုင်နေတဲ့ ချစ်စရာကြောင်လေးကို သူတို့က သတိပြုမိကြပုံပါပဲ။ ဒါပေမယ့် ကြောင်လေးနဲ့က တံခါးချပ်ခြားနေတော့ လူတွေဟာ မှန်တံခါးချပ်ထဲဝင်နိုင်တဲ့ ငွေစက္ကူကို သုံးပြီး ကြောင်လေးနဲ့ ဆော့ခဲ့ကြတာပါ။ ကြောင်လေးကတော့ ငလည်လေးပါ။ သူ့ဘက်ဆီ ငွေစက္ကူရောက်လာတာနဲ့ သူက လှမ်းဆွဲပြီး ယူထားလိုက်ပါတယ်။

 

ဒီအကြောင်း သိလိုက်ရတဲ့ အေဂျင်စီဝန်ထမ်းတွေကတော့ ကြောင်လေးရဲ့ထူးခြားလှတဲ့ ပါရမီကို အံ့သြနေပါတယ်။ ဒါကြောင့် သူရှာလို့ရလာတဲ့ ပိုက်ဆံတွေကို အကျိုးရှိတဲ့ တစ်နေရာမှာ သုံးဖို့ ၀န်ထမ်းအားလုံးက ဆုံးဖြတ်လိုက်ပါတယ်။ ကြောင်လေးရဲ့ ငွေတွေကိုတော့ ၀န်ထမ်းတွေက အိမ်ရာမဲ့တွေကို ကူညီတဲ့ အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်တဲ့ တူလ်ဆာဒေးစင်တာကို လှူဒါန်းခဲ့ပါတယ်။ ကြောင်လေးဟာ ခုဆိုရင်တော့ CASHnip Kitty လေးအဖြစ် အွန်လိုင်းမှာ ပေါ်ပြူလာ ဖြစ်နေပါတယ်။ သူဟာ သူ့ဆီကို လှူဒါန်းတဲ့ အလှူငွေတွေကိုလည်း လက်ခံနေပြီး ၄င်းငွေတွေကို အိမ်ရာမဲ့တွေဆီ ပြန်လည်လှူဒါန်းနေသူလေးလည်း ဖြစ်ပါတော့တယ်။

READ
လေဆိပ်ထဲ ရှော့ခ်ရနေတဲ့သခင်ကို ချက်ခြင်းဖြေသိမ့်ပေးနိုင်ခဲ့တဲ့ ခွေးကလေး
© CASHnipKitty / Facebook
© CASHnipKitty / Facebook

လင်းလင်း (ShweMom)

SHARE