ကံဆိုးမှုတွေကနေ လွန်မြောက်သွားခဲ့ပြီဖြစ်တဲ့ နားရွက်(၄) ဖက်နဲ့ ကြောင်ကလေး

Instagram/frank_n_kitten

ဖရန်ကီအမည်ရတဲ့ ကြောင်လေးတစ်ကောင်ဟာ အခြားကြောင်တွေနဲ့စာရင် ကွဲပြားခြားနားလွန်းပါတယ်။ သူ့မှာက နားရွက်(၄) ဖက်နဲ့ မျက်လုံး(၁) လုံးပဲ ရှိပါတယ်။ နောက်ထပ် မျက်လုံးတစ်လုံးကတော့ ဖယ်ထုတ်ခံထားရတာ ဖြစ်ပါတယ်။ ဖရန်ကီကို မွေးချင်းကြောင်လေးတစ်ကောင်နဲ့အတူ ကျေးလက်အိမ်လေးတစ်အိမ်မှာ မွေးခဲ့တာပါ။

အဲဒီအိမ်က အိမ်ပိုင်ရှင်က သူ့အိမ်မှာ သားလာပေါက်တဲ့ ကြောင်ပေါက်လေးနှစ်ကောင်ကို သေချာစောင့်ရှောက်ခဲ့ပါတယ်။ ကြောင်လေးတွေ နည်းနည်းကြီးလာတဲ့အခါမှာတော့ သူတို့အတွက် သခင်သစ်ရှာဖွေပေးဖို့ရယ်၊ ဆေးဝါးကုသမှုခံယူစေလိုတာရယ်ကြောင့် ၄င်းအိမ်ရှင်ကနေ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို ပို့လိုက်ပါတယ်။

ဖရန်ကီလေးကတော့ မွေးကတည်းက နားရွက်လေးဖက်နဲ့ မွေးလာခဲ့တာပါ။ သူက တိရစ္ဆာန်ဂေဟာကို စစရောက်ခြင်းမှာ မျက်လုံးနှစ်ဖက်လုံး ရှိပါသေးတယ်။ ဒါပေမယ့် မျက်လုံးတစ်လုံးက ပေါက်သွားပြီး ဖယ်ထုတ်ဖို့အထိ လိုအပ်လာခဲ့ပါတယ်။ ဖရန်ကီဟာ နောက်ခြေထောက်တွေလည်း မကောင်းရှာပါဘူး။ ခြေထောက်အဆစ်တွေမှာ ပြဿနာရှိတာကြောင့် ကြောင်လေးက ကောင်းကောင်းထိုင်လို့မရပဲ ဖြစ်နေရှာတာပါ။ ဒါကြောင့် လမ်းသွားတဲ့အခါတိုင်း ဒရွတ်ဆွဲနေတတ်ပါတယ်။

အခုဆိုရင်တော့ သနားစရာဖရန်ကီလေးကို ဂရုဏာသက်နေတဲ့ ဂျော်ဂျီအမည်ရ အမျိုးသမီးတစ်ဦးက မွေးစားထားပါတယ်။ ဂျော်ဂျီဟာ အရင်တုန်းက တိရစ္ဆာန်ဂေဟာမှာ အလုပ်လုပ်ခဲ့ရင်း ဖရန်ကီလေးနဲ့ ဆုံခဲ့တာပါ။ ဖရန်ကီလေးရဲ့ မျက်လုံးတစ်ဖက်ပိုးဝင်ပြီး ဖယ်ရှားခဲ့တုန်းကလည်း ဂျော်ဂျီကပဲ ကြောင်လေးကို ဂရုစိုက်စောင့်ရှောက်ပေးခဲ့တာပါ။

ဂျော်ဂျီကတော့ ကြောင်လေးဟာ ပုံပန်းသွင်ပြင်မလှပေမယ့် လိမ္မာကြောင်းနဲ့ သူ့အပေါ်ခင်တွယ်လွန်းတဲ့အတွက် မွေးစားခဲ့တယ်လို့ ပြောပြပါတယ်။ ကြောင်လေးရဲ့ နောက်ခြေထောက်အဆစ်တွေက မကောင်းတဲ့အတွက် ဂျော်ဂျီဟာ လတ်တလောမှာ ဖရန်ကီလေးကို ခြေထောက်ခွဲစိတ်ကုသဖို့ ငွေစုနေကြောင်းလည်း သိရတယ်။ အခုဆိုရင်တော့ ဖရန်ကီလေးဟာ သခင်ဖြစ်သူရဲ့ ကြည့်ရှုစောင့်ရှောက်မှုကို ခံယူရင်း သခင်သစ်ဆီမှာ ပျော်နေပြီပဲ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

SHARE