စိတ်ခံစားမှူအပြောင်းအလဲမြန်တာ၊ စိတ်ဖိစီးမှူနဲ့ မရေမတွက်နိုင်တဲ့ ကိုယ်ခန္ဓာပြောင်းလဲမှူတွေဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးအပြီး အမျိုးသမီးတွေမှာ ဖြစ်ပွားတတ်ပါတယ်။ တစ်ချို့ကတော့ အမျိုးသမီးတွေက ကလေးမွေးရလို့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာ အများကြီး ပြောင်းလဲသွားတယ်၊ ဒါပေမယ့် အမျိုးသားတွေမှာတော့ ဒီလိုပြောင်းလဲမှူတွေ မရှိနိုင်ဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ အမျိုးသားတွေဟာလည်း ရင်သွေးရလာတဲ့အခါ အမျိုးသမီးတွေလိုပဲ ဟိုမုန်းဆိုင်ရာပြောင်းလဲမှူတွေ၊ အာရုံကြောပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှူတွေ ဖြစ်ပေါ်လာကြောင်း brightside မှာဖော်ပြထားတဲ့ သတင်းအရ အခုလို သိရပါတယ်။
တက်စတိုစတရုန်းပမာဏ လျော့ကျလာခြင်း
တက်စတိုစတရုန်းဟာ အဖိုဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီအဖိုဟော်မုန်းဟာ မျိုးပွားခြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်အောင် အမျိုးသားတွေကို တွန်းအားပေးတဲ့ ဟော်မုန်းပါ။ လေ့လာချက်အရတော့ အမျိုးသားတစ်ဦးဟာ တက်စတိုစတရုန်းပမာဏမြင့်လာလေလေ အမျိုးသမီးတွေအတွက် ပိုဆွဲဆောင်မှူရှိလေလေပါပဲ။ ဒါပေမယ့် ကလေးရကာစ ပူပူနွေးနွေးဖခင်တွေမှာတော့ ၄င်းအဖိုဟော်မုန်းဟာ (၃၄) ရာခိုင်နှူန်းကျော်ထိ လျော့ကျသွားပါတယ်။ သိပ္ဗံပညာရှင်တွေကတော့ ဒီလိုဖြစ်ရတဲ့အကြောင်းက ဖခင်တွေဟာ နောက်ထပ်အဖော်ရှာလိုစိတ်ကို ငြင်းဆန်ပြီး ၄င်းတို့ရဲ့ စိတ်အာရုံကို မိသားစုဆီ အပြည့်အ၀ပေးထားတဲ့အတွက်ဖြစ်တယ်လို့ ယူဆထားပါတယ်။
အောက်ဆီတိုစင်ပမာဏ တက်လာခြင်း
ဖခင်တွေရဲ့ သားသမီးတွေနဲ့ ဆက်ဆံတဲ့ပုံစံဟာ ၄င်းတို့ရဲ့ ဟော်မုန်းပမာဏနဲ့ ပတ်သက်ဆက်စပ်နေပါတယ်။ ဥပမာဆိုရရင် ကလေးတွေနဲ့ လက်ပွန်းတတီးနေပြီး ကလေးတွေနဲ့အတူ ဆော့ကစားပေးတတ်တဲ့ ဖခင်တွေရဲ့ သွေးထဲမှာ အောက်ဆီတိုစင်ပမာဏဟာ မြင့်မားနေတာကို တွေ့ရှိခဲ့ကြပါတယ်။ အောက်ဆီတိုစင်ကတော့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး စိတ်အပန်းပြေခြင်း၊ အကောင်းမြင်စိတ်၊ ချစ်ခြင်းမေတ္တာတို့နဲ့ ပတ်သက်နေပါတယ်။ ဒီအောက်ဆီတိုစင်ဟာ ကိုယ်ဝန်ဆောင်နဲ့ ကလေးမွေးအပြီး မိခင်တွေမှာလည်း သဘာဝအားဖြင့် မြင့်မားတတ်ပါတယ်။
ဦးနှောက်ပြောင်းလဲနိုင်ခြင်း
https://www.instagram.com/p/Bh7Amsfl_pd/?utm_source=ig_web_copy_link
M.R.I လေ့လာမှူတစ်ခုအရ အနာဂတ်ဖခင်လောင်း (၁၆) ယောက်ကို လေ့လာကြည့်ရာမှာ စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဖခင်တွေဟာလည်း မိခင်တွေလိုပဲ ကလေးရကာစမှာ ဦးနှောက်ပြောင်းလဲမှူတွေ ဖြစ်ပေါ်လာပါတယ်။ သံယောဇဉ်၊ စာနာနားလည်မှူ၊ ကလေးအပေါ်ချစ်ခင်တွယ်တာမှူတွေ ဖြစ်ပေါ်တဲ့ ဦးနှောက်နေရာပိုင်းဟာ ပိုထင်ရှားလာပါတယ်။ သိပ္ဗံပညာရှင်တွေကတော့ ဖခင်တွေရဲ့ ဦးနှောက်က အခုလို ဖြစ်ရတာဟာ အမျိုးသမီးတွေကလေးမွေးပြီးတဲ့အခါ ဖခင်တစ်ယောက်အနေနဲ့ ကလေးကို ပြုစုစောင့်ရှောက်နိုင်ဖို့ သဘာဝတရားက အလိုအလျောက်ဖန်တီးပေးတာလို့ ယူဆကြပါတယ်။ ဒါကြောင့်လည်း ဖခင်တွေဟာ ကလေးတွေကို သူတို့ကိုယ်တိုင်မမွေးရပေမယ့်လည်း သားသမီးတွေနဲ့ ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာဆက်သွယ်မှူ ရှိနေတာ ဖြစ်ပါတယ်။
စိတ်ကျရောဂါဝင်ရောက်နိုင်ခြင်း
https://www.instagram.com/p/Bwj4QdpnC02/?utm_source=ig_web_copy_link
အမျိုးသားတွေဟာ ဖခင်တစ်ယောက်ဖြစ်လာတဲ့အခါ postpartum depression လို့ခေါ်တဲ့ ဖခင်ဖြစ်အပြီး စိတ်ကျရောဂါရနိုင်ပါသေးတယ်။ သူတို့ဟာလည်း မိခင်တွေလိုပဲ ၀မ်းနည်းသလိုလို မျှော်လင့်ချက်မဲ့သလိုလို၊ စိတ်လှူပ်ရှားတာ၊ စိတ်ကသိကအောက် ဖြစ်တာ စတာတွေကို ခံစားကြရပါတယ်။ လေ့လာချက်အရတော့ (၁၀) ရာခိုင်နှူန်းသော ဖခင်တွေဟာ ဒီစိတ်ကျရောဂါကို ခံစားကြရတယ်လို့ ဆိုပါတယ်။ ဒီစိတ်ကျရောဂါဟာ အပေါ်မှာ ဖော်ပြထားတဲ့ တက်စတိုစတရုန်းပမာဏနဲ့လည်း ဆက်စပ်လျက်ရှိပါတယ်။ တက်စတိုစတရုန်းက လျော့ကျသွားတာကြောင့် အမျိုးသားတွေဟာ စိတ်မအီမလည်ကြီးခံစားရတတ်ပြီး သာမန်အချိန်ဆို လုပ်နေရရင် ပျော်တဲ့ အမူအကျင့်မျိုးတွေကိုတောင် စိတ်ပါဝင်စားမှူ မရှိတော့ဘူးလို့လည်း သိရပါတယ်။
လင်းလင်း (ShweMom)