The Crown တီဗီစီးရီးရဲ့ပရိသတ်တွေဟာ တော်ဝင်မိသားစုရဲ့ဆိုရှယ်မီဒီယာအကောင့်တွေဆီသွားပြီး ကာမီလာကိုပြစ်တင်ရှုံ့ချနေတယ်လို့ buzzfeednews ကဆိုပါတယ်။ The Crown ရဲ့နောက်ဆုံးထွက်ထားတဲ့ Season ဟာ ကွယ်လွန်သူမင်းသမီးဒိုင်ယာနာရဲ့ အိမ်ထောင်ရေးကိုပုံဖော်ထားတာကြောင့် ဖောက်ပြန်သူတွေလို့ယူဆရတဲ့ ချားလ်စ်နဲ့ ကြင်ယာတော် ကာမီလာတို့ကို လူတွေကဲ့ရဲ့ခဲ့ကြတာပါ။
ဗြိတိန်ဘုရင်စနစ်ကိုရိုက်ကူးပုံဖော်ထားတဲ့ Netflix စီးရီး The Crown ဟာ ပြီးခဲ့တဲ့အပတ်မှာပဲ Season 4 ပြီးခဲ့တာပါ။ ဒီ season ထဲမှာတော့ ၂၀၀၅ခုနှစ်မှာလက်ထပ်ခဲ့တဲ့ ချားလ်စ်၊ ဒိုင်ယာနာတို့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေမှာ ပြင်းပြတဲ့စိတ်ခံစားချက်မျိုးဖြစ်ခဲ့ပါတယ်။ The Crown Season 4 မှာတော့ ငယ်ရွယ်တဲ့ ဒိုင်ယာနာစပန်ဆာနေရာမှာ အမ်မာကောရင်းက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး သူမ ဝေလမင်းသမီးဖြစ်လာပုံနဲ့ သူမဘဝအကြောင်းတွေကို ဇာတ်လမ်းထဲ အသေးစိတ်ခြယ်မှုန်းထားခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
ဒီ Season မှာ ဒိုင်ယာနာနဲ့ ချားလ်စ်တို့နှစ်ဦးကြားက ရှုပ်ထွေးလှတဲ့အိမ်ထောင်သည်ဘဝကို ဖော်ပြထားပြီး ဗြိတိန်ရဲ့အနာဂတ်ဘုရင်လောင်း ချားလ်စ်ကိုတော့ ကြမ်းတမ်းသူ၊ အပြစ်မြင်တတ်သူ၊ ဒိုင်ယာနာရဲ့ ကမ္ဘာနဲ့အဝှန်းကျော်ဇောမှုအပေါ် မကြာခဏ မကျေမချမ်းဖြစ်နေတဲ့ပုံသဏ္ဍာန်နဲ့ ပုံဖော်ထားပါတယ်။ ချားလ်စ်ဟာ ၁၉၇၁ ခုနှစ်ကတည်းက ကာမီလာနဲ့ဒိတ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်တွေအသီးသီးကျသွားခဲ့ပေမယ့် သူတို့ဟာ နှစ်ဦးကြားထဲကရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းထားခဲ့တာပါ။ ဒါကြောင့်လည်း ချားလ်စ်နဲ့ ဒိုင်ယာနာတို့ အိမ်ထောင်ရေးအဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။
View this post on Instagram
သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ဒိုင်ယာနာက ဘီဘီစီကို “ဒီအိမ်ထောင်ရေးမှာ ကျွန်မတို့က သုံးယောက်ဖြစ်နေတယ်။ ဒီတော့ လူနည်းနည်းကြပ်တာပေါ့။” လို့ ပြောပြခဲ့ဖူးပါတယ်။ The Crown တီဗီစီးရီးကြောင့် ၁၉၉၇ ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ မင်းသမီးဒိုင်ယာနာကို ပြန်အမှတ်ရကာ အားပေးမှုတွေပြန်ရှိလာသလို ချားလ်စ်နဲ့ ကာမီလာတို့ကိုလည်း လူတွေက စေ့စေ့ငုငု လိုက်ကြည့်နေကြတာပါ။
View this post on Instagram
The Crown ပရိသတ်တွေကတော့ Season 4 အပြီး တော်ဝင်မိသားစုရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေထဲသွားပြီး ကာမီလာကို ကဲ့ရဲ့ခဲ့ကြတယ်လို့ သိရပါတယ်။ မန့်တွေထဲမှာလည်း ဒိုင်ယာနာဟာ ပြည်သူတွေရဲ့တစ်ဦးတည်းသောမင်းသမီးပါလို့ ကြွေးကြော်ထားကြသလို ချားလ်စ်နဲ့ကာမီလာတို့ကိုလည်း သမိုင်းဝင်သစ္စာဖောက်သူကြီးများအဖြစ် ပြစ်တင်ရှုံ့ချခဲ့ပါတယ်။ ဒါပေမဲ့ ချားလ်စ်နဲ့ ကာမီလာကို ထောက်ခံနေတဲ့ ပရိသတ်အချို့လည်း ရှိနေပါသေးတယ်။ ဒိုင်ယာနာ၊ ချားလ်စ်နဲ့ ကာမီလာတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့ပတ်သက်ပြီး ပုံဖော်ရိုက်ကူးထားတဲ့ တီဗီစီးရီးဟာ ဘယ်လောက်ထိအချက်အလက်မှန်ကန်မှုရှိသလဲဆိုတာတော့ မသိရပါဘူး။ တော်ဝင်နန်းတော်ကလည်း တစ်စုံတစ်ရာ မှတ်ချက်မပြုခဲ့ဘူးလို့ သိရပါတယ်။

ShweMom