နကျယ်ကောင် ကိုက်ခံလိုက်ရလို့ ကိုယ်တုံးချွတ်ပြေးခဲ့ရတဲ့ မင်းသား Charlie Hunnam

Imdb/Aurthur

ဖြစ်မှဖြစ်ရလေဆိုတဲ့ အတိုင်းပါပဲ။ Sons of Anarchy တို့၊ Undeclared တို့မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားCharlie Hunnam ဟာ Camp ထွက်နေတုန်း မီးမွှေးဖို့ ထင်းရှာရင်းနဲ့ မထင်မှတ်ဘဲ စအိုနေရာမှာ အင်းဆက်တစ်ကောင်က ကိုက်လိုက်တာပါ။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့  Charlie Hunnam ဟာ မကြာခဏဆိုသလို တောတွင်းစခန်းချ ခရီးထွက်လေ့ရှိသူတစ်ယောက်ပါ။ ဝေဖန်ချက်မျိုးစုံနဲ့အတိုက်ခိုက်ခံနေရတဲ့ မင်းသား Charlie Hunnam ဟာ အခုတော့ တောထဲသွားရင်းနဲ့ ထီအကြီးကြီးပေါက်ခဲ့တာပါပဲ။

တောထဲကို စခန်းချနေထိုင်ရင်းနဲ့ မီးမွှေးဖို့ ထင်းလိုအပ်တာကြောင့် တောထဲကို ထင်းသွားရှာရင်းနဲ့ အခုလို တွေ့ကြုံခဲ့ရတာပဲဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Charlie Hunnam (@charliematthewhunnam) on

ဒီအဖြစ်အပျက်ကို သူကိုယ်တိုင်က အခုလို ပြောပြခဲ့ပါတယ်။

“ကျနော် တောထဲ စခန်းချနေရင်းနဲ့ သိပ်ထူးဆန်းတဲ့ အရာတစ်ခုဖြစ်ခဲ့တယ်။ တစ်နေ့တော့ ကျနော် မီးမွှေးဖို့ လုပ်နေရင်း တောထဲ ထင်းသွားရှားခဲ့တယ်။ အချိန်ကလည်း ရာသီကုန်စအချိန်လည်းဖြစ်နေတယ်။ ခြောက်နေတဲ့ သစ်ကိုင်းတွေကို လိုက်ရှာနေရင်းနဲ့ စခန်းနဲ့ ဝေးဝေးနေရာကို ရောက်သွားတာပေါ့”

“တောထဲမှာဗျာ.. သစ်ပင်သုံးပင်က တြိဂံပုံစံလို လဲနေတယ်။ အဲဒီတြိဂံအလည်ခေါင်မှာ လုံးဝကို ထင်းအတွက် အကောင်းဆုံးထင်းကို သွားတွေ့တယ်ဗျာ။ ကျနော်လည်း ဟုတ်ပြီဟေ့လို့ ပြောလိုက်တာပေါ့။ ကျနော် အဲဒီ ထင်းကို ကုန်းပြီး ကောက်ယူလိုက်ချိန်မှာပဲ။ ရုတ်တရက်ချက်ချင်းဆိုသလို ကျနော့် ဟိုနေရာကို အကောင်တစ်ကောင်ကိုက်သွားတာပဲ”

တကယ်တော့ သူပြောတဲ့ ဟိုနေရာက စအိုနဲ့ လိင်အင်္ဂါအကြားက နေရာဖြစ်ပြီး perineum လို့ ခေါ်ဝေါ်ပါတယ်။

ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို အခုလို ဆက်လက်ပြောပြပါတယ်။

“ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း ဘာမြွေမှ မရှိဘူးဗျာ။ ဒါနဲ့ ကျနော်လည်း ငါဘာဖြစ်တာပါလိမ့်ဆိုပြီး လိုက်ရှာနေမိခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျနော့် ဟိုနေရာမှာ တရစပ်နာကျင်လာတော့တာပဲ။ ပြီးတော့ ချက်ချင်းကို ခေါင်းတွေလည်း ကိုက်လာတယ်။ ချိုင်းကြားတွေလည်း နာလာတယ်။ အဲဒီမှာ ရုတ်တရက်ကျနော် သိလိုက်ပြီလေ။ ကျနော့်ကို အဝါရောင်နကျယ်ကောင်တစ်ကောင်ကိုက်လိုက်တာပဲလို့လေ။ နကျယ်ကောင်က ကျနော်ကို တုပ်ဖို့ လုပ်နေတာကို ရှောင်နေရတာ အဲဒီနေရာမှာတင် ၁၀ မိနစ်လောက် ကြာသွားတယ်”

အဲဒီလိုနဲ့ သူဟာ နကျယ်ကောင်လိုက်တုပ်နေတာကို ရှောင်ရှားဖို့အတွက် သစ်တောထဲက အမြန်ဆုံးပြေးထွက်လာခဲ့ပေမယ့် နကျယ်ကောင်ဟာလည်း တကယ့်ကို ဇွဲရှိရှိ သူ့ နောက်ကို လိုက်နေခဲ့တာပါ။ ပြေးနေရင်းလည်း သူ့ရဲ့ ဟိုနေရာက နာကျင်နေတုန်းလို့ သူက ပြောပါတယ်။

 

 

View this post on Instagram

 

A post shared by Charlie Hunnam (@charliematthewhunnam) on

ပြေးနေရင်းနဲ့ပဲ သူဟာ ကိုယ်ပေါ်မှာ ရှိတဲ့ အဝတ်အစားတွေ အကုန်လုံးကို ချွတ်ပြီး ပြေးခဲ့ရတယ်လို့ ဂျင်မီဖော်လန်တီဗွီရှိုးမှာ ပြောသွားခဲ့ပါတယ်။ 

“ကျနော့်ဝတ်ထားတဲ့ အဝတ်တွေ အကုန်လုံး ချွတ်ပစ်ထားခဲ့တယ်။ ဖိနပ်တွေလည်း ကန်ချွတ်ပစ်ခဲ့တာပဲ။ တောထဲမှာ လုံးဝကို ကိုယ်တုံးလုံးနဲ့ ပြေးခဲ့ရတာ။ အဲဒါ တကယ့်အမှန်ပဲ”

“အဲဒီအဖြစ်အပျက်က ကျနော့်အတွက် တကယ့်ကို အိပ်မက်ဆိုးတစ်ခုလိုပဲ”လို့ သူက ပြောပါတယ်။

Ye Yint Kyaw

SHARE