ထိုင်းပြည်သူလူထုကို မျက်ရည်တွေနဲ့ တောင်းပန်ခဲ့တဲ့ ထိုင်းကာကွယ်ရေးဦးစီးချုပ်

Twitter/JANTHONG

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ထိုင်းပစ်ခတ်မှုမှာ စစ်သားတစ်ယောက်ကြောင့် အများပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေခဲ့ရခြင်းအပေါ် လက်ရှိထိုင်းကာကွယ်ရေးဦးစီးချုပ်အဖြစ်ဆောင်ရွက်နေတဲ့ ဗိုလ်ချုပ်ကြီး အပီရက်ခွန်ဆမ်ပေါင်က လူသိရှင်ကြား တောင်းပန်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး အပီရက်ခွန်ဆမ်ပေါင်ဟာ မျက်ရည်တွေနဲ့ ဝမ်းနည်းစွာ တောင်းပန်သွားခဲ့တာပါ။

သူ့အနေနဲ့ အသက်အန္တရာယ် ထိခိုက်နစ်နာခဲ့ရသူတွေရဲ့ မိသားစုတွေ၊ ပိုင်ဆိုင်မှုတွေ ပျက်စီးနစ်နာခဲ့ရတဲ့ မိသားစုတွေအတွက် လျှော်ကြေးရရှိနိုင်ရေးကိုလည်း အကူအညီပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ အပီရက်ခွန်ဆမ်ပေါင်က ဒီဖြစ်စဉ်မှာ သူက တပ်မတော်အကြီးအကဲ ဖြစ်တဲ့အတွက် သူ့အနေနဲ့ တာဝန်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

သူက “ တပ်မတော်သားတစ်ယောက်ကြောင့် ဖြစ်ခဲ့ရတဲ့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော် အလွန်စိတ်မကောင်း ဝမ်းနည်းဖြစ်မိပါကြောင်းကို တပ်မတော်အကြီးအကဲတစ်ယောက်အနေနဲ့ ပြောချင်ပါတယ် … အကြမ်းဖက်သမားအနေနဲ့ သေနတ်ခလုတ်ကို ညှစ်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ခဲ့တယ် … အဲဒီအခိုက်အတန့်မှာပဲ သူက စစ်သား မဟုတ်တော့ပါဘူး ”လို့ မျက်ရည်တွေကိုသုတ်ရင်း ပြောခဲ့ပါတယ်။

Terminal 21 မှာ ဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှု့မှာ ပြစ်မှုကျူးလွန်သူ အကြမ်းဖက်သမားမှာ တပ်မတော်မှ အရာခံဗိုလ်အဆင့်ရှိပြီး အသက်(၃၂)နှစ်အရွယ် Jakrapanth Thomma ဖြစ်ပါတယ်။ သူ့ကို သက်ဆိုင်ရာက အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ Jakrapanth ဟာ စီးပွားရေးကိစ္စ မကျေနပ်ရာမှ သူ့အထက်အရာရှိ တပ်မှူးကြီးနဲ့ တပ်မှူးကြီးရဲ့ ယောက္ခမကို အရင်ဆုံး ပစ်သတ်ခဲ့သူပါ။

ကာကွယ်ရေးဦးစီးချုပ် အပီရက်ခွန်ဆမ်ပေါင်က “ထိုင်းလူမျိုးတွေအနေနဲ့ ဒီလို အဖြစ်အမျိုး နောက်ထပ် ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး … ဒီကိစ္စနဲ့ပတ်သက်လို့ ကျေးဇူးပြုပြီး ထိုင်းစစ်တပ် ဒါမှမဟုတ် တပ်မတော်သားတွေကို အပြစ်မတင်ကြပါနဲ့လို့ တောင်းဆိုချင်ပါတယ် … အပြစ်တင်ချင်းတင်ရင် ကျွန်တော်ဗိုလ်ချုပ်ကြီး အပီရက်ခွန်ဆမ်ပေါင်ကိုပဲ ပြစ်တင်ပါ … ”

“ ကျွန်တော် ဝေဖန်အကြံပြုသမျှ အားလုံးကို လက်ခံပါတယ် … ကျွန်တော့်ကို အပြစ်တင်နိုင်ပါတယ် … အကြောင်းကတော့ ကျွန်တော်က တပ်မတော် အကြီးအကဲဖြစ်နေတာကိုး … ”လို့ ပြောခဲ့ပါတယ်။ လူတစ်ယောက်ရဲ့လုပ်ရပ်အတွက် အခြားတာဝန်ရှိသူက ခေါင်းရှောင်ခြင်းမရှိဘဲ တာဝန်ခံလိုက်ခြင်းဟာ ပြောင်မြောက်တဲ့ သတ္တိဖြစ်ပြီး၊ ဒီလို တာဝန်ခံမှုမျိုး လူ့ပတ်ဝန်းကျင်မှာ လိုအပ်ပါတယ်။

လင်းသုတ

SHARE