အစီရင်ခံစာများအရ AI စနစ်တွေကို စစ်တပ်တွေအတွင်း အသုံးပြုနေကြခြင်းက ကမ္ဘာ့ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေလာနိုင်တယ်လို့ တရုတ်အာဏာပိုင်များက သုံးသပ်လျက်ရှိကြောင်း သိရပါတယ်။ AI စနစ် ဖွံ့ဖြိုးလာခြင်းက ကမ္ဘာ့နိုင်ငံများအချင်းချင်း ဆက်သွယ်မှုတွေမှာ သက်ရောက်မှုများစွာ ဖြစ်လာနေနိုင်တာပါ။
CNAS (Center for a New American Security) ရဲ့ ရီပို့တာတစ်ဦးဖြစ်တဲ့ Gregory C. Allen ကတော့ နည်းပညာဂျာနယ်ဖြစ်တဲ့ The Verge ကို အခုလို ရှင်းပြခဲ့တာပါ။ “အမည်မဖော်လိုတဲ့ တရုတ်အာဏာပိုင်တစ်ဦးရဲ့ ပြောကြားချက်အရတော့ မောင်းသူမဲ့ယာဉ် (ဒရုန်း) အသုံးပြုမှုတွေ ပိုတွင်ကျယ်လာတာဟာ အန္တရာယ်တစ်ရပ်ဖြစ်တယ်လို့ ယူဆနေကြတာကို တွေ့ရပါတယ်”
တရုတ်ဘက်က အဓိကစိုးရိမ်နေတာကတော့ အမေရိကန်စစ်တပ်က ဒရုန်းတွေ ဖြစ်ပါတယ်။ အမေရိကန် ဒရုန်းတွေဟာ အရွယ်အစားအားဖြင့်လည်း တဖြည်းဖြည်း ပိုသေးလာခဲ့တယ်၊ ပစ်မှတ်နားကိုလည်း တိကျစွာ ပျံသန်းသွားရောက်နိုင်တယ်ဆိုတဲ့ အချက်တွေကြောင့်ပါ။

တရုတ်ဘက်ကလည်း မောင်းသူမဲ့ယာဉ်တွေကို လက်နက်အဖြစ် ပိုအဆင့်မြှင့်အသုံးချဖို့ ပြင်ဆင်နေတယ်လို့ Allen က သုံးသပ်ပြခဲ့ပါတယ်။ ဥပမာ တရုတ်က ထုတ်လုပ်ပြီး နိုင်ငံတကာကို တင်ပို့ရောင်းချနေတဲ့ Blowfish A2 ဒရုန်းတွေဆိုရင် ပစ်မှတ်တွေဆီကို တိကျစွာ သွားနိုင်တဲ့ ဒရုန်းတွေ ဖြစ်ပါတယ်။
ဒရုန်းတွေဟာ အဝေးထိန်းကိရိယာတွေ ဖြစ်တယ်ဆိုပေမယ့် ယခုအခါ စစ်တပ်တွေကနေ အသုံးပြုလာနေကြမှုက နိုင်ငံတွေရဲ့ စစ်တပ်တွေကြား ပဋိပက္ခတွေ ပိုမိုဖြစ်လာနိုင်စေဖွယ် ရှိနေပါတယ်။ “ဒီအဝေးထိန်းကိရိယာတွေ လွှတ်တင်မှုနဲ့ ပတ်သက်လို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား ဘယ်လိုနားလည်မှု ထားကြမလဲတော့ မသိနိုင်သေးပါဘူး။ တစ်ဘက်ကလည်း အကြောင်းအထွေအထူးရယ် မရှိ လွှတ်တင်လိုက်မယ်၊ နောက်တစ်ဘက်ကလည်း ဒါကို ပစ်ချလိုက်နိုင်မယ်။ တစ်ဘက်နဲ့ တစ်ဘက် ဘာကို ဆိုလိုချင်လဲဆိုတာ သဘောတူညီချက်တွေ မထားရှိသရွေ့တော့ အထင်လွဲမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်” လို့ Allen က သုံးသပ်ပြပါတယ်။

ဒီအဝေးထိန်း ကိရိယာသုံး စနစ်တွေဟာ စစ်တပ်တွေရဲ့ စည်းကမ်းတွေနဲ့ ငြိပြီး ပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုပြီးလည်း ထောက်ပြသွားခဲ့ပါတယ်။ AI မှာ ယှဉ်နိုင်နေတဲ့ အင်အားကြီး ၂ နိုင်ငံကတော့ ယူအက်စ်နဲ့ တရုတ်ဖြစ်ပါတယ်။ တရုတ်ကလည်း အခုဆို Baidu, Alibaba, Huawei စတဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး AI ပရောဂျက်တွေကို အဆင့်မြှင့်ဖို့ ကြိုးစားနေသလို အမေရိကန်ကလည်း AI မှာ အဓိကချက်ကျတဲ့ ချစ်ပ်တွေကို ထုတ်ရာမှာ ဆရာတစ်ဆူဖြစ်ပါတယ်။
အနာဂတ်မှာလည်း တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံဟာ စစ်ဘက်ဆိုင်ရာ နည်းပညာများကို ပူးပေါင်းလာနိုင်ဖွယ် ရှိနေကြောင်းလည်း Allen က ထောက်ပြသွားခဲ့ပါတယ်။
Ref: Sputnik International, The Verge