သတင်းမှားကြောင့် အိမ်မွေးတိရစ္ဆာန်တွေကိုကွပ်မျက်ဖို့ စေခိုင်းနေတဲ့ တရုတ်အာဏာပိုင်များ

Shutterstock/StreetVJ

တရုတ်နိုင်ငံ အချို့ဒေသတွေမှာ အာဏာပိုင်တွေဟာ ပြင်းထန်ဝူဟန်ဗိုင်းရပ်စ် ပိုမိုဆိုးရွားလာတဲ့ အခြေအနေကြောင့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေကို ခြိမ်းခြောက်မှုတွေ ရှိလာခဲ့ပါတယ်။ မကြာသေးခင်ကလည်း တရုတ်ထိပ်သီးတာဝန်ရှိသူတစ်ဦးက ဝူဟန်ဗိုင်းရပ်စ်ဟာ အိမ်မွေးတိရစ္ဆာန်တွေမှာလည်း ရှိနေနိုင်ကြောင်း အသိပေးခဲ့ပါတယ်။

သို့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အဲဒီအဆိုကို ငြင်းပယ်ခဲ့ပြီး၊ သူတို့အနေနဲ့ အထက်ပါကိစ္စကို အတည်ပြုနိုင်မယ့် ခိုင်လုံတဲ့သတင်းအကြောင်းအရာ မရှိသေးဘူးဆိုပြီး တုန့်ပြန်ခဲ့ပါတယ်။ အဲဒီသတင်းနဲ့ ဆက်စပ်သက်ရောက်မှုအဖြစ် အချို့ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ ၎င်းတို့အိမ်မွေးတိရစ္ဆာန်တွေကို အထပ်မြင့်တိုက်ခန်းတွေပေါ်ကနေ ပစ်ချသုတ်သင်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်လို့ NY Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

Shutterstock/StreetVJ

အခုလည်း ဒီသတင်းအမှားရဲ့ဆိုးကျိုးသက်ရောက်မှုအဖြစ် တချို့ဒေသအာဏာပိုင်တွေက ဒေသတွင်း အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များကို သတိပေးမှုတွေပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့သတိပေးမှုမှာ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်တွေကို ကိုယ့်သဘောနဲ့ကိုယ် သုတ်သင်ရှင်းလင်းဖို့ဖြစ်ပြီး၊ သို့မဟုတ်ပါက သက်ဆိုင်ရာက သုတ်သင်သွားတာကို ခံရမယ်လို့ ဆိုပါတယ်။

မကြာသေးခင်က တရုတ်ထိပ်သီးပညာရှင်တစ်ဦးရဲ့ အတည်ပြုနိုင်ခြင်းမရှိတဲ့ သတိပေးမှုကြောင့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ ၎င်းတို့ရဲ့ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်လေးတွေကို အကာအကွယ်မျက်နှာဖုံးများတပ်ဆင်ပေးခြင်းနဲ့၊ တစ်ခြား ကျန်းမာရေးစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ နောက်ပြီး တော်တော်များများသော လူစည်ကားရာနေရာတွေမှာ အိမ်မွေးတိရစ္ဆာန် ခေါ်ဆောင်ခွင့်ကို ပိတ်ပင်မှုတွေလည်း ရှိခဲ့ပါတယ်။

Twitter/Mirror
Twitter/Mirror

ဒီလို ကောလာဟလတွေကြောင့် တချို့အစွန်းရောက်သူတွေက အိမ်မွေးတိရစ္ဆာန်တွေ လူမြင်ကွင်းမှာ ပေါ်လာပါက သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ရောဂါပိုးသယ်ဆောင်တယ်လို့ ယူဆရတဲ့ လင်းနို့၊ မြွေ စတဲ့တိရစ္ဆာန်အရှင်တွေရောင်းတဲ့ ဈေးကွက်တွေကတော့ လည်ပတ်ရောင်းချနေဆဲလို့လည်း သိရပါတယ်။

ဝူဟန်နဲ့ (၉)နာရီလောက် ကားမောင်းရင် ရောက်နိုင်တဲ့ Hebei ပြည်နယ်က ကျေးရွာတစ်ခုမှာတော့ ဒေသခံအာဏာပိုင်တွေက အိမ်မွေးတိရစ္ဆာန်တွေကို (၅)ရက်အတွင်း လာရောက်အပ်နှံဖို့၊ သို့မဟုတ်ပါက သက်ဆိုင်ရာက ယင်းတိရစ္ဆာန်တွေကို သုတ်သင်မှုတွေ ပြုလုပ်ရမယ်လို့ ပြင်းထန်တဲ့သတိပေးမှုတွေ ရှိနေခဲ့ပါတယ်။

Twitter/WHO

Shaanxi ဒေသမှာလည်း အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များကို အခြေအနေအားလုံးကို လက်ခံကြရန်နဲ့၊ ၎င်းတို့ချစ်ခင်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို စွန့်ပစ်ဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ WHO ကတော့ အိမ်မွေးတိရစ္ဆာန်တွေမှာ ဒီရောဂါကူးစက်ခံထားရတဲ့ သက်သေအထောက်အထား လုံးဝမရှိသေးဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေရဲ့ သောကကိုတော့ မဖြေရှင်းနိုင်သေးပါဘူး။

လင်းသူရိန်

SHARE